ဝေဟင်ထဲမှ ပစ်လွှတ်နိုင်သည့် အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည်ကို အိန္ဒိယ အောင်မြင်စွာ စမ်းသပ်

ဝေဟင်ထဲမှ ပစ်လွှတ်နိုင်သည့် အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည်ကို အိန္ဒိယ အောင်မြင်စွာ စမ်းသပ်

ဝေဟင်ထဲတွင် ပစ်လွှတ်နိုင်သည့် BrahMos အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အိန္ဒိယစစ်တပ်က ဩဒိရှကမ်းလွန် ချန်ဒီပူရ်အရပ်ရှိ စမ်းပ်ပစ်ခတ်မှု ပြုလုပ်သည့် နေရာတစ်ခုတွင် အသံထက်မြန်သော ဂျက်တိုက်လေယာဉ် Sukhoi 30 MK-I မှ ဒီဇင်ဘာ ၈ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည်။

အဆိုပါ ဒုံးကျည်သည် ပစ်မှတ်အားလုံးကို သတ်မှတ်လမ်းကြောင်းအတွင်းမှပင် ထိမှန်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကာကွယ်ရေးဝန်ကြီး ရာဂျနတ်ဆင်းက ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (DRDO)၊ အိန္ဒိယလေတပ်နှင့် ထုတ်လုပ်ရေးစက်ရုံတို့အား ယခုကဲ့သို့ အောင်မြင်စွာ စမ်းသပ်နိုင်မှုအပေါ် ချီးမွမ်းဂုဏ်ပြုခဲ့သည်။

BrahMos ဒုံးကျည်အား ထုတ်လုပ်နိုင်ခြင်းသည် ထင်ရှားသည့် အောင်မြင်မှု မှတ်တိုင်ဖြစ်ကြောင်းနှင့် အဆိုပါ ဒုံးကျည်မျိုးကွဲများကို နိုင်ငံတွင်း၌ပင် ဆက်လက်ထုတ်လုပ်နိုင်မည့် လမ်းစဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဒုံးကျည်တွင် တပ်ဆင်ထားသည့် Ramjet Engine အစိတ်အပိုင်းကိုလည်း အိန္ဒိယ၏ စက်မှုလုပ်ငန်းက ထုတ်လုပ်ခဲ့ခြင်းဖြစ်ကာ လောင်စာကန်နှင့် လေဖိအားဖြင့် လောင်စာဖြည့်သွင်းသည့် စနစ်ကို သတ္ထုနှင့် သတ္တုမဟုတ်သည့် အစိတ်အပိုင်း ဖြင့် ပြုလုပ်ထားသည်။

နည်းပညာအဆင့်မြင့် ရှုပ်ထွေးသည့် ယခုဒုံးကျည်အား တီထွင်မှု၊ စမ်းသပ်မှု၊ ထုတ်လုပ်မှုနှင့် စတင်ပစ်လွှတ်ခြင်းတို့ကို ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (DRDO)၊ ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများ၊ အရည်အသွေးစမ်းသပ်စစ်ဆေးရေးနှင့် အသိအမှတ်ပြုလုပ်ငန်းအဖွဲ့အစည်းများ၊ နိုင်ငံပိုင်ကဏ္ဍနှင့် အိန္ဒိယလေတပ်တို့ပါဝင် ဆောင်ရွက်ခဲ့ကြသည်။

BrahMos ဒုံးကျည်ကို အိန္ဒိယနိုင်ငံ၏ DRDO နှင့် ရုရှားနို်ငငံ NPOM တို့ ပူးပေါင်းကာ တီထွင်မှု၊ ထုတ်လုပ်မှုနှင့် အသံထက်မြန်သည့် ပဲ့ထိန်းဒုံးကျည် ဈေးကွက်တို့အတွက် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သလို လေတပ်အတွက် ဒုံးကျည်လက်နက်စနစ်ကို အင်အား ဖြည့်တင်းပေးနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly