ရှေးဟောင်း နယ်မြေတစ်ခုရဲ့ တန်ဘိုး မကျဆင်းစေရေး စနစ်တကျ ထိန်းသိမ်းသင့်

ရှေးဟောင်း နယ်မြေတစ်ခုရဲ့ တန်ဘိုး မကျဆင်းစေရေး စနစ်တကျ ထိန်းသိမ်းသင့်
 မြောက်ဦး ရှေးဟောင်း အမွေအနှစ်များ ဖြစ်သည့် ကိုးသောင်း ဘုရားပုထိုးများ (ဓာတ်ပုံ - မဇ္စျိမ)

မြန်မာနိုင်ငံမှာ ရှေးဟောင်းနယ်မြေလို့ အတိအလင်း ဂုဏ်ယူသတ်မှတ်နိုင်တဲ့ နေရာတွေ ရှိပါတယ်။ ကမ္ဘာ့ခရီးသည်တွေကို စိန်ခေါ်ပြီး ပြသနိုင်တဲ့ အနေအထားရှိတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ဥပမာ ပုဂံမြေနဲ့ ရခိုင်ပြည်နယ်ထဲက မြောက်ဦးနယ်မြေလို နေရာများ ဖြစ်ပါတယ်။

အခုလို ကံအားလျော်စွာ မိမိတို့ တမျိုးသားလုံး ဂုဏ်ယူဝံ့ကြွားဖွယ် သမိုင်းဝင် ရှေးဟောင်းဒေသတွေ ပိုင်ဆိုင်ခွင့်ရတယ်ဆိုတာဟာ ရှေးလူတို့ရဲ့ကျေးဇူးကြောင့် ဖြစ်ပါတယ်။ ယဉ်ကျေးမှု အယူအဆသစ်တွေ ထွန်းကားလာတဲ့ ကမ္ဘာကြီးမှာ အဲဒီရှေးဟောင်းဒေသတွေဆီ ခရီးဆန့်ကြရင်းက လူသားရဲ့ စွမ်းပကားတွေ၊ အနုပညာခံစားမှုတွေနဲ့ စည်းလုံးညီညွတ်မှု ပြယုဒ်တွေအဖြစ် မျှဝေခံစားကြတဲ့ အလေ့အထလည်း ယဉ်ကျေးမှု အလေ့အထတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီလိုအခြေအနေအပေါ် မူတည်ပြီး ကမ္ဘာလှည့် ခရီးသည်တွေကို ဖိတ်ခေါ်တဲ့ နေရာဒေသများ ဖြစ်လာခဲ့ပြီး သက်ဆိုင်ရာ တိုင်းပြည်တွေ ဝင်ငွေတွေ ရရှိလာကြ၊ သက်ဆိုင်ရာနိုင်ငံတွေရဲ့ သမိုင်း အစဉ်အလာ ကြီးမားမှုကို သက်သေပြနိုင်ဖို့ ကြိုးစားကြပါတော့တယ်။ ဒီလိုနဲ့ပဲ မိမိတို့ နိုင်ငံရဲ့ ပုဂံနယ်မြေဟာလည်း သမိုင်းဝင်နေရာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ စုဝေးရာနေရာအဖြစ် ကမ္ဘာကျော်လာခဲ့ပါတယ်။ နိုင်ငံခြားသားခရီးသည်တွေ ပြည်တွင်းခရီးသည်တွေ ဥဒဟို ဝင်ထွက်သွားလာတဲ့ ဒေသ ဖြစ်လာခဲ့ပါတယ်။

မိမိတို့နိုင်ငံ အခုလို ဒီမိုကရေစီ ပြောင်းလဲချိန်မှာ အခြားအခြားသော နယ်ပယ်တွေမှာ ယခင့် ယခင်တုန်းက စစ်အာဏာရှင်စနစ် ဆိုးမွေတွေကို ပြန်လည် ဖါထေးပြုပြင်ရန် ရှိနေသလို ရှေးဟောင်း အမွေအနှစ်များကိုလည်း နည်းမှန်လမ်းမှန် ပြန်လည်ထိန်းသိမ်း ထားရှိဖို့လည်း လိုအပ်ချက်ကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဥပမာအနေနှင့် ပြောရလျင် ပုဂံနယ်မြေလို နေရာမျိုးကို စနစ်တကျ နည်းလမ်းမှန်မှန် ထိန်းသိမ်းဖို့ဆိုတဲ့ လိုအပ်ချက် ဖြစ်ပါတယ်။

ပုဂံဒေသမှာရှိတဲ့ သမိုင်းအမွေအနှစ်တွေဟာ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ အမွေအနှစ်တွေ ဖြစ်တယ်။ အဲဒီဒေသမှာရှိတဲ့ သာသနိက အဆောက်အဦးတွေ၊ ကျောက်စာတွေဟာ တန်ဘိုး မဖြတ်နိုင်တဲ့ အမျိုးသား အမွေအနှစ်တွေ ဖြစ်တယ်။ ကမ္ဘာ့အံ့ဖွယ် နေရာဒေသကြီးတစ်ခုလည်း ဖြစ်တယ်။ မှန်ကန်မှုရှိတဲ့ သမိုင်းချဉ်းကပ်မှု တစ်ခုအရပြောရရင် ဘုရားစေတီပေါင်း ၄၀၀၀ ကျော် တည်ရှိတဲ့ဒေသကြီး ဖြစ်တယ်။ ပိသုကာပညာအရာမှာ အမြင့်မားဆုံး ဖြစ်တယ်။ ပုဂံခေတ် လူတို့ရဲ့ စိတ်နေစိတ်ထား၊ ယဉ်ကျေးမှုအဆင့်အတန်းကို တိုင်းတာလို့ရတဲ့ နေရာဒေသကြီး ဖြစ်တယ်။ ဒါကို နဂိုရှိရင်းစွဲ တန်ဘိုးအတိုင်း မပျောက်ပျက်ရအောင် ဘယ်လို ထိန်းသိမ်းထားသင့်သလဲ။

လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်းတုန်းကတော့ အာဏာပိုင်တချို့ဟာ ဘုရားစေတီဟောင်းတချို့ကို ထီးသစ်တင်ခဲ့ကြပါတယ်။ ထုံးသုပ် အုတ်သစ်ဖြည့်ဆိုတာမျိုးတွေ လုပ်ကြပါတယ်။ ရှေးဟောင်းအမွေအနှစ် အဆောက်အဦးတွေရဲ့အနီးမှာ သည့်ထက်မြင့်တဲ့ အဆောက်အဦးသစ်တွေ ဆောက်ခဲ့ကြပါတယ်။ ဒီလို မှားယွင်းပြီး ပညာမဲ့လွန်းတဲ့အလုပ်ကို ဘာကြောင့် လုပ်ခဲ့ကြပါသလဲ။ မျက်မှောက်ကာလမှာ အဲဒီ ပုဂံရှေးဟောင်းနယ်မြေကြီးအတွင်း ကားတွေ မြင်းလှည်းတွေ လူတွေ ကျွဲနွားတိရစ္ဆာန်တွေ ထင်သလို ဝင်ထွက်သွားလာခွင့် ပြုထားတယ်။ ဘယ်အဆောက်အဦးကိုမဆို လူတိုင်း ကိုင်ကြည့်ခွင့် တက်ထိုင်ခွင့် ဓါတ်ပုံရိုက်ခွင့် အကုန်လုပ်လို့ ရနေတယ်။ ခရီးသည်တွေ လာသထက်လာချင်အောင် ဆွဲဆောင်သည့် သဘောခွင့်ပြုထားခြင်းဟာ ကိုယ့်ရဲ့ အဘိုးထိုက်တန်လှတဲ့ အမျိုးသားယဉ် ကျေးမှုတွေ အချိန်တိုအတွင်း ပျက်စီးသွားစေမယ့် အလုပ်မျိုးနဲ့ ဆွဲဆောင်နေသလို ဖြစ်နေတယ်။

ဒါကြောင့်မို့လည်း ပုဂံမြေဟာ ယူနက်စကိုရဲ့ ရှေးဟောင်းနယ်မြေ သတ်မှတ်ခံရဖို့အရေး ဝေးနေရသေးတဲ့သဘော ဖြစ်တယ်။ ကိုယ့်တိုင်းပြည် တိုင်းသူပြည်သားတွင်မက အာဏာပိုင် အဆက်ဆက်ပါ ပညာမဲ့ရာ၊ တာဝန်မဲ့ရာ၊ အတွေးအခေါ်ခေါင်းပါးရာ ကျနေတယ်။

ဒါကြောင့်မို့ ပုဂံမြေအပါအဝင် မိမိတို့နိုင်ငံတဝှမ်းက အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ခေတ်မီနည်းစနစ် နည်းဟန်များဖြင့် ဆက်လက် ထိန်းသိမ်းတတ်ကြဖို့ အရေးကြီးကြောင်း တင်ပြလိုက် ရပါတယ်။

Mizzima Weekly

Tags