အမေရိကန်က မဲခါင်ဒေသတွင် ငွေကြေးများ ထောက်ပံ့ခြင်းဖြင့် တရုတ်နှင့် ဒေသတွင်း အားပြိုင်မှုကို အရှိန်မြှင့်

အမေရိကန်က မဲခါင်ဒေသတွင် ငွေကြေးများ ထောက်ပံ့ခြင်းဖြင့် တရုတ်နှင့် ဒေသတွင်း အားပြိုင်မှုကို အရှိန်မြှင့်

အရှေ့တောင်အာရှမဲခေါင်မြစ်ဝှမ်းတွင်တရုတ်နိုင်ငံ၏သြဇာလွှမ်းမိုးမှုနှင့်တည်ရှိမှုကိုပြိုင်ဆိုင်ရန် နောက်ထပ်ကြိုးပမ်းမှုအဖြစ် အမေရိကန်သည် အချက်အလက်စုဆောင်းခြင်းနှင့်မျှဝေခြင်းတိုးမြှင့်ရန်နှင့် ရေစီမံခန့်ခွဲမှုကောင်းမွန်လာစေရန်မဲခေါင်မြစ်ကော်မရှင် (MRC) အား ထောက်ပံ့ငွေပေးအပ်ခဲ့သည်။

မစ္စစ္စပီမြစ်ကော်မရှင်နှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ၇၇၃၅၇၀ကို အသုံးပြုသွားမည်ဖြစ်ကြောင်း နှစ်ဖက်စလုံးမှ အကြီးတန်း ကိုယ်စားလှယ်၅၀ခန့် တက်ရောက်ခဲ့သည့် မဲခေါင်မြစ်ကော်မရှင်နှင့် မစ္စစ္စပီမြစ် ကော်မရှင်တို့အကြား ဒီဇင်ဘာ၃ရက်က ပြုလုပ်ခဲ့သည့်အွန်လိုင်းအစည်းအဝေးတွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

မဲခေါင်-အမေရိကန ်မိတ်ဖက်ဆက်ဆံရေးမူဘောင်အောက်တွင် ပံ့ပိုးပေးထားသည့် အဆိုပါထောက်ပံ့မှုသည် ၂၀၂၁မှ၂၀၂၄ခုနှစ်အထိ ၃နှစ်တာကာလအတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း MRC က ဒီဇင်ဘာ၉ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာနမှ ရေနှင့်ထိန်းသိမ်းရေးဆိုင်ရာရုံး၏ ဒါရိုက်တာခရစ္စတင်း ဒေါ်ဆင်က ရန်ပုံငွေသည် MRC အား ပွင့်လင်းမြင်သာသည့် ရေအရင်းအမြစ် အချက်အလက်မျှဝေခြင်းအား မြှင့်တင်ရန်နှင့် ပိုမိုကောင်းမွန်လာစေရန် အထောက်အပံ့ရရှိစေမည်ဖြစ်ကြောင်းပြောသည်။

အမေရိကန်က ထောက်ပံ့ထားသော MRC အဖွဲ့ဝင်များတွင် ကမ္ဘောဒီးယား၊လာအို၊ထိုင်းနှင့် ဗီယက်နမ်တို့ပါဝင်ပြီး တရုတ်ဦးဆောင်သော Lancang-Mekong Cooperation (LMC) တွင် အဆိုပါ အရှေ့တောင်အာရှ၄နိုင်ငံနှင့်အတူ တရုတ်နှင့်မြန်မာတို့ ပါဝင်သည်။

သြဂုတ်လကျင်းပခဲ့သော အရှေ့အာရှနိုင်ငံခြားရေးဝန်ကြီးများ၏ ထိပ်သီးအစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလစ်ကန်က လွတ်လပ်ပြီးပွင့်လင်းသော မဲခေါင်ဒေသဖြစ်ရန် တောင်းဆိုခဲ့သည်။ဘလစ်ကန်၏အရှေ့တောင်အာရှခရီးစဉ်အတွင်းတွင် ‘မဲခေါင်မြစ်အတွင်း တရုတ်၏ တစ်ဖက်သတ်လုပ်ဆောင်မှုများ’ ကိုဆွေးနွေးမည်ဟုမျှော်လင့်ရသည်။

မကြာသေးမီလများအတွင်းဝေဖန်သူများက တရုတ်သည် ၎င်း၏အထက်ပိုင်း ရေအားလျှပ်စစ်ဆည်များတွင် မဲခေါင်မြစ်၏စီးဆင်းမှုကိုပိတ်ဆို့ထားကာ မြစ်အောက်ပိုင်းရှိနိုင်ငံများတွင် မိုးခေါင်မှုများ ဖြစ်ပေါ်ကြောင်းစွပ်စွဲပြောဆိုခဲ့ကြသည်။ တရုတ်ကစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

ထိုင်းနိုင်ငံချူလာလောင်ကွန်းတက္ကသိုလ် လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေးအင်စတီကျုမှ နိုင်ငံရေးသိပ္ပံပါမောက္ခနှင့် ဒါရိုက်တာဖြစ်သူ သီတီနန်ပွန်စုဟီရက်က မြစ်ကော်မရှင်များကြား ချိတ်ဆက်မှုသည် တရုတ်၏ မြစ်အထက်ပိုင်းဆည်များနှင့် မဲခေါင်မြစ်ဝှမ်း တစ်ဖက်သတ် သိမ်းပိုက်မှုကို ဆန့်ကျင်သောအရံအတားဖြစ်သည့်နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်ကြောင်းပြောကြားခဲ့သည်။

ရေကြောင်းလွှမ်းမိုးမှုတွင် အမေရိကန်၊သြစတြေးလျနှင့်ဗြိတိန် တို့ပါဝင်သော ၃နိုင်ငံလုံခြုံရေးသဘောတူညီချက်ကို ထူထောင်ခြင်းဖြင့် အမေရိကန်က တောင်တရုတ်ပင်လယ်တွင် တရုတ်ကို ပြန်လည်တွန်းလှန်လျက်ရှိကြောင်း ပွန်စုဟီရက်ကပြောကြားခဲ့သည်။

“အမေရိကန်က ပင်လယ်ရေကြောင်းနဲ့ အရှေ့တောင်အာရှကုန်းတွင်းပိုင်း နှစ်ခုစလုံးမှာ တရုတ်ကို ပြိုင်ဆိုင်နေတာ ထင်ရှားပါတယ်။ အရင်ကရေကြောင်းလှုပ်ရှားမှုတွေပိုမိုမြင်တွေ့ခဲ့ရပေမယ့် အခုမဲခေါင်ပြည်မကြီးမှာလည်း အခိုင်အမာပြောဆိုမှု‌တွေကို အမေရိကန်က ပြန်လုပ်ဆောင်တာကိုမြင်တွေ့နေရပါပြီ” ဟုပွန်စုဟီရက်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly