မြေစာပုံပြိုရာတွင် နစ်မြုပ်သွားသူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အခက်အခဲများရှိနေ

မြေစာပုံပြိုရာတွင် နစ်မြုပ်သွားသူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အခက်အခဲများရှိနေ

ဒီဇင်ဘာလ ၂၀ ရက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် မြေစာပုံပြိုမှုတွင် နစ်မြုပ်သွားသူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အခက်အခဲများရှိနေကြောင်း လူမှုကူညီရေးအသင်းခေါင်းဆောင်တစ်ဦးကပြောသည်။ 

အေးမြသာယာရပ်ကွက်အပိုင်  မနကျေးရွာနှင့် ဆိုင်းဂျာဘုံကျေးရွာကြားရှိ တရားမဝင်ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းခွင်တစ်ခုမှ စွန့်ပစ်မြေစာပုံ ပြိုကျမှု ဒီဇင်ဘာလ ၁၈ရက် ည ၁၂ခန့်က ဖြစ်ပွားခဲ့သည်။ 

"မြေပြိုတာက ၁၈ရက် ည၁၂နာရီလောက်ကဖြစ်တာ။ ဒီနေ့နဲ့ဆို နှစ်ရက်တင်းတင်းပြည့်ပြီ။ မြေစာက သုံးဆင့်ပြိုကျတာဆိုတော့ မြေစာကထပ်ထပ်ပြီး ဖိသလိုဖြစ်နေတာ၊ ရုပ်အလောင်းတွေ ပုပ်ပြီးပေါ်လာမှပဲ စောင့်ဆယ်လို့ရမယ်ဗျ "ဟု အမည်မဖော်လိုသည့် လူမှုကူညီရေးအသင်း၏ ခေါင်းဆောင်တစ်ဦးကပြောသည်။ 

မြေစာပြိုရာ လူခြောက်ဦးထက်မနည်းသေဆုံးနိုင်ပြီး ပျောက်ဆုံးသူ ငါးဦးကို အတည်ပြုထားနိုင်ပြီဟု အမည်မဖော်လိုသည့် ကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးကပြောသည်။ 

"မြေစာပြိုရာမှာ သေဆုံသူစာရင်း ဒီ့ထက်ပိုများနိုင်တယ်။ ရေမဆေးလောပန်းတချို့က နစ်နာကြေးပေးရမှာနဲ့ အမှုပတ်မှာကြောက်ပြီး လူပျောက်မတိုင်ကြားရဲကြသလို၊ တချို့ကိုယ့်ရိက္ခာနဲ့ ကိုယ်ရှာနေတဲ့ တစ်ကိုယ်တော် ရေမဆေးသမားတွေလည်း ရှိနေတာကြောင့် အဲဒီလိုလူတွေပါသွားရင် ဘယ်သူမှမသိရဘူး"ဟုလည်း ရေမဆေးသမားများက ပြောသည်။ 

ဖားကန့်မြို့နယ်အတွင်းရှိ ဖားကန့် ၊ ဆိပ်မူ၊ လုံးခင်း ကျေးရွာအုပ်စုများမှ လူမှုကယ်ဆယ်ရေးအဖွဲ့ အင်အားနှစ်ရာနီးပါးက နစ်မြုပ်သွားသူများကို ဆယ်ယူရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း လူမှုကူညီရေးအသင်းခေါင်းဆောင်တစ်ဦးက ပြောသည်။ 

ဖားကန့်ရတနာနယ်မြေရှိ တရားမဝင်ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများတွင် စက်ယန္တရားကြီးများ အမြောက်အမြားသုံးပြီး စည်းကမ်းမဲ့တူးဖော်နေခြင်းကြောင့် လုပ်ငန်းခွင် ထိခိုက်သေဆုံးမှုနှင့် လူသေဆုံးမှုများ ဖြစ်ပေါ်နေခဲ့ပြီး နောက်ပိုင်းတွင် ပိုမိုဆိုးရွားသည့် အခြေအနေများ ဖြစ်လာနိုင်သည်ဟုလည်း ဒေသခံများက ပြောသည်။ 

ဖားကန့်ရတနာနယ်မြေတွင် ကျောက်စိမ်းအရိုင်း တူးဖော်မှုလုပ်ငန်းများကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တားမြစ်ထားသော်လည်း နယ်မြေခံ ခြေလျင်တပ်မ (၃၃) က လုပ်ငန်းရှင်များကို လစဉ်ကြေးကောက်ခံပြီး တရားမဝင်တူးဖော်ခွင့်ပြုထားသလို ကျောက်စိမ်းတူးဖော်လုပ်ငန်းအားလုံးနီးပါးကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ကြီးကြပ် လုပ်ကိုင်နေခြင်းလည်း ဖြစ်သည်ဟု စုံစမ်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required