သုံးခွမြို့နယ်တွင် စစ်ကောင်စီကား ၂ စီး မိုင်းခွဲခံရ၊ စစ်သား ၂ ဦးသေဆုံးဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ပြော

သုံးခွမြို့နယ်တွင် စစ်ကောင်စီကား ၂ စီး မိုင်းခွဲခံရ၊ စစ်သား ၂ ဦးသေဆုံးဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ပြော

ဒီဇင်ဘာလ ၂၀ ရက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် စစ်ကောင်စီကားနှစ်စီးကို  ယနေ့ ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦး သေဆုံးသွားကြောင်း သုံးခွမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.Y.F)ထံမှ သိရသည်။

သုံးခွမြို့နယ်မှ ခရမ်းမြို့နယ်ဘက်သို့ မောင်းနှင်ထွက်ခွာလာသည့် ထိုစစ်ကောင်စီကား နှစ်စီးကို သုံးခွမြို့အထွက် လက်ပံကျိုးကျေးရွာ၊ ဖက်ကလေးရိုးတံတားအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ မနက် ၈ နာရီ မိနစ် ၃၀ အချိန်လောက်မှာ ခရမ်းမြို့ကို သွားမယ့် စစ်ကောင်စီရဲ့ ရိက္ခာတင် ကားလို့ ယူဆရတဲ့ ကားနှစ်စီးကို ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့က အဝေးထိန်းမိုင်း ခြောက်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်တာပါ။ တစ်လုံးကတော့ မပေါက်သွားဘူး။ ငါးလုံးကို ဖောက်ခွဲနိုင်ခဲ့ပါတယ်။ စစ်သားနှစ်ဦးသေတယ်လို့ ကနဦး သိထားရတယ်” ဟု T.Y.F အဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရကာ အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း ၎င်းက ဆိုသည်။

“မနက်က မိုင်းခွဲတိုက်ခိုက်ခံရတဲ့ နေရာမှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ အစစ်အဆေးတွေ များနေတယ်။ အဲ့ဒီလမ်းပေါ်မှာ ကားတွေလည်း ရပ်ထားရတယ်။ သုံးခွမြို့ကိုလည်း အဝင်အထွက်ပိတ်လိုက်ပြီ” ဟု သုံးခွဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သားအချို့ သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ပြီးနောက် စစ်ကောင်စီက ခရမ်းမြို့နယ်ကို အင်အားသုံးဖိနှိပ်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် စစ်ကောင်စီက ခရမ်းမြို့နယ် အဝင်၊ အထွက်များကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှ စတင်ပိတ်ဆို့ထားပြီး မြို့နယ်အတွင်း စစ်ဆေးမှုများကို တင်းကျပ်စွာ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required