မလေးရှားမှာ ရေကြီးရေလျှံမှုကြောင့် လူ ၃၀၀၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း 

မလေးရှားမှာ ရေကြီးရေလျှံမှုကြောင့် လူ ၃၀၀၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း 

ဒီဇင်ဘာ ၂၀

မလေးရှားနိုင်ငံမှာ နှစ်အတော်ကြာအတွင်း အဆိုးဝါးဆုံး ရေကြီးရေလျှံမှုတွေ ရင်ဆိုင်နေရချိန် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ လူပေါင်း ၃၀၀၀၀ ကျော်ထက်မနည်းကို ၎င်းတို့ရဲ့ နေအိမ်တွေကနေ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ 

အပူပိုင်း အရှေ့တောင်အာရှ မလေးရှားနိုင်ငံအနေနဲ့ နှစ်ကုန်ခါနီး မုန်တိုင်းထန်တဲ့ မုတ်သုံရာသီကို ရင်ဆိုင်နေရတာဖြစ်ပြီး ဒီ ရာသီမှာ ပုံမှန်အားဖြင့် ဘေးလွတ်ရာ ရွှေ့ပြောင်းရမှုတွေ ရှိတတ်တာလည်း ဖြစ်ပါတယ်။ 

သောကြာနေ့ကစလို့ မိုးရွာသွန်းတာကြောင့် မြစ်ရေလျှံတက်မှုတွေဖြစ်ပြီး မြို့ပြဧရိယာတွေမှာ ရေလွှမ်းသိုလ အဓိက လမ်းမတွေလည်း သွားရေးလာရေး ပြတ်တောက်တာကြောင့် ကားတွေ ထောင်ပေါင်းများစွာ သောင်တင်လို့ နေပါတယ်။ 

ပြည်နယ် ရှစ်ပြည်နယ်အနှံ့မှာ ရေဘေးဒုက္ခသည်ပေါင်း ၃၀၀၀၀ ကျော်ထက်မနည်းရှိနေတယ်လို့ အစိုးရရဲ့ တရားဝင်ဝက်ဘ်ဆိုက်တွေက ဖော်ပြပါတယ်။ အလယ်ပိုင်း ပါဟန်ပြည်နယ်မှာတင် ရေဘေးကြုံပြည်သူ ၁၄၀၀၀ ကျော် ရှိနေတာပါ။ 

နိုင်ငံရဲ့ ချမ်းသာတဲ့ ဆီလန်ဂေါပြည်နယ်မှာ လူ‌ေါပ်ငး ၁၀၀၀၀ နီးပါး နေအိမ်စွန့်ခွာ ဘေးလွတ်ရာရွှေ့ပြောင်းနေကြရပါတယ်။ မြို့တော် ကွာလာလမ်ပူရှိရာ ဒီ ပြည်နယ်မှာ ရေကြီးရေလွှမ်းမှုဟာ အံ့အားသင့်စရာ ဖြစ်ရကြောင်း ဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကော့ဘ်က ပြောပါတယ်။ 

“မနေ့က ဆီလန်ဂေါမှာ မိုးရွာတဲ့ ပမာဏဟာ တစ်လစာ မိုးရေချိန်ကို တစ်ရက်တည်း ရွာသွန်းခဲ့သလောက်ကို ရှိတာပါပဲ”လို့ သူက တနင်္ဂနွေနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ရေဘေးဒုက္ခသည်တွေကို အကူအညီတွေ အမြန်ပေးဖို့ရယ် ပျက်စီးရတဲ့ အိမ်တွေနဲ့ အခြေခံ အဆောက်အအုံတွေအတွက် ရင်းဂစ် သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၇ သန်း) ကနဦး ရန်ပုံငွေ မတည်ပေးမယ်လို့ ဝန်ကြီးချုပ်က ကတိကဝတ် ပြုပါတယ်။ 

တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှာ အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ပြည်နယ် ခြောက်ပြည်နယ်မှာ ရေကြီးရေလျှံတဲ့ အဆင့်ဟာ အန္တရာယ်ဖြစ်လောက်တဲ့ အဆင့်ထက် ကျော်လွန်နေတာကို အစိုးရဝက်ဘ်ဆိုက်တစ်ခုကနေ ဖော်ပြခဲ့ပါတယ်။ 

၂၀၁၄ ခုနှစ်က မလေးရှားနိုင်ငံဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး ရေကြီးရေလျှံမှုနဲ့ ကြုံခဲ့ရချိန်မှာ နေအိမ်စွန့်ခွာ ဘေးလွတ်ရာ ရွှေ့ပြောင်းရသူပေါင်း ၁၁၈၀၀၀ နီးပါး ရှိခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly