ဖိလစ်ပိုင် တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၀၀ ကျော်အထိ ရှိလာ

ဖိလစ်ပိုင် တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၀၀ ကျော်အထိ ရှိလာ
Photo - AFP

ဒီဇင်ဘာ ၂၀

ဖိလစ်ပိုင်နိုင်ငံမှာ ယခုနှစ်အတွင်း အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်သွားပြီးနောက် သေဆုံးသူဦးရေဟာ ဒီဇင်ဘာ ၂၀ ရက်မှာ ၂၀၀ ဦးကျော်အထိ ရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။

မုန်တိုင်းကနေ အသက်ရှင်လွတ်မြောက်ခဲ့သူတွေဟာ လက်ရှိအချိန်မှာ သောက်သုံးရေနဲ့ အစားအသောက်တွေလိုမျိုး အရေးတကြီး အထောက်အပံ့တွေ ရဖို့ တောင်းခံခဲ့ကြပါတယ်။

နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ရိုင် တိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အအုံတွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေ မွစာကြဲအောင် ထိခိုက်ပျက်စီးခဲ့ပြီးနောက် ပင်လယ်ကမ်းခြေဧရိယာတွေမှာ "လူအများအပြား သေဆုံးမှု" ဖြစ်ပေါ်ခဲ့တယ်လို့ ဖိလစ်ပိုင်ကြက်ခြေနီအသင်းက ထုတ်ပြန်ပါတယ်။

မုန်တိုင်းကြောင့် အိမ်အမိုးတွေ ကျွတ်လန်တာ၊ သစ်ပင်တွေ အမြစ်ကျွတ်လဲကျတာ၊ ကွန်ကရစ်ဓာတ်တိုင်တွေ လဲကျတာ၊ သစ်သားအိမ်တွေ အပိုင်းအစတွေအဖြစ် ထိခိုက်ပျက်စီးတာ၊ ကောက်ပဲသီးနှံတွေ ပျက်စီးတာနဲ့ ကျေးရွာတွေမှာ ရေလွှမ်းမိုးတာတွေကို ဖြစ်စေခဲ့တဲ့နောက် ဒီ တိုင်ဖွန်းမုန်တိုင်း ရိုင်ကို ၂၀၁၃ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်း ဟိုင်ယန်နဲ့ နှိုင်းယှဉ်ပြောဆိုမှုတွေလည်း ရှိလာစေခဲ့ပါတယ်။

ကျွန်းစုနိုင်ငံမှာ ယခုနောက်ဆုံး သဘာဝဘေးဒုက္ခဆိုးတစ်ခုနဲ့ ကြုံတွေ့ခဲ့ပြီးနောက် အနည်းဆုံး လူ ၂၀၈ ဦး သေဆုံးပြီး ၅၂ ဦး ပျောက်ဆုံးနေတယ်လို့ အမျိုးသားရဲဌာနက ပြောပါတယ်။ နိုင်ငံတောင်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ တိုင်ဖွန်းမုန်တိုင်း မွှေနှောက်တိုက်ခတ်ခဲ့ပြီးနောက် လူပေါင်း ရာချီ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရိုင်ဟာ စူပါတိုင်ဖွန်းတစ်ခုအဖြစ် ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့ချိန်မှာ လူပေါင်း သုံးသိန်းကျော် ၎င်းတို့တွေရဲ့ နေအိမ်တွေ၊ ကမ်းခြေအနီး အပန်းဖြေစခန်းတွေကနေ ဘေးလွတ်ရာ တိမ်းရှောင်ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။

"ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေက တော်တော်လေးကို အရေးကြီးနေပြီး စိုးရိမ်စရာ ဖြစ်နေပါတယ်" လို့ မုန်တိုင်းကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တဲ့ ပင်လယ်ကမ်းခြေအနီး ဆာရီဂါအိုမြို့က လမ်းဘေး ဈေးသည်တစ်ဦးဖြစ်တဲ့ ဖာရီ အဆန်စီယွန်က ပြောပါတယ်။

၎င်းတို့ဟာ "သောက်ရေနဲ့ အစားအစာ" တွေ အရေးတကြီး လိုနေတယ်လို့ ၎င်းက ပြောပါတယ်။

ပင်လယ်ကမ်းခြေတွေကြောင့် လူသိများတဲ့ ဘိုဟောပြည်နယ်ကတော့ မုန်တိုင်းဒဏ်အဆိုးဆုံးခံခဲ့ရတဲ့ ကျွန်းတစ်ခုဖြစ်ခဲ့ပြီး ယင်းပြည်နယ်မှာ လူပေါင်း ၇၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အာသာယက်ပ်က ၎င်းရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ထုတ်ဖော်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly