COVID-19 ကမ္ဘာ့ကပ်ရောဂါကို ၂၀၂၄ ခုနှစ်အထိ ဆက်ကြုံနေရနိုင်ဟု Pfizer ခန့်မှန်း

COVID-19 ကမ္ဘာ့ကပ်ရောဂါကို ၂၀၂၄ ခုနှစ်အထိ ဆက်ကြုံနေရနိုင်ဟု Pfizer ခန့်မှန်း

ဒီဇင်ဘာ ၁၉

ကမ္ဘာတွင် ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကို ၂၀၂၄ ခုနှစ်အထိ ဆက်လက် ကြုံတွေ့နေရလိမ့်မည်ဟု အမေရိကန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Pfizer Inc က ဒီဇင်ဘာ ၁၇ ရက်တွင် ခန့်မှန်းပြောဆိုလိုက်သည်။

တချိန်တည်းမှာပင် အသက် ၂ နှစ်မှ ၄ နှစ်အကြား ကလေးငယ်များအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် ယင်း၏ ကာကွယ်ဆေး ဗားရှင်းတစ်မျိုးက မူလမျှော်မှန်းထားသည်ထက် ပိုမိုအားနည်းသော ကိုယ်ခံအားတုံ့ပြန်မှုကို ထွက်ပေါ်စေသည်အတွက် တရားဝင်ခွင့်ပြုချက်ရရေး နှောင့်နှေးကြန့်ကြာဖွယ် ရှိကြောင်း ယင်းကုမ္ပဏီက ပြောသည်။

ဒေသတချို့တွင် လာမည့်နှစ် သို့မဟုတ် နောက်နှစ်နှစ်ကြာအထိ COVID-19 ရောဂါဖြစ်ပွားမှုကို ကမ္ဘာ့ကပ်ရောဂါ (pandemic) လယ်ဗယ်များဖြင့် ဆက်လက်မြင်တွေ့ရမည်ဟု ကုမ္ပဏီက တွက်ဆထားကြောင်း Pfizer Inc ၏ သိပ္ပံဆိုင်ရာ အရာရှိချုပ် မိုက်ကယ် ဒေါလ်စတန်က ရင်းနှီးမြှုပ်နှံသူများထံ ရှင်းလင်းတင်ပြမှုတစ်ခုတွင် ပြောခဲ့သည်။

အဆိုပါ အလားတူ ကာလအတွင်း အခြားသော နိုင်ငံများတွင် COVID-19 သည် နည်းပါးသော၊ ထိန်းသိမ်းစီမံရလွယ်သော လူနာဦးရေဖြင့် "endemic" (နေရာဒေသတစ်ခုတွင် ဖြစ်ပွားလေ့ရှိသည့် ရောဂါ) အဖြစ်သို့ ကူးပြောင်းသွားလိမ့်မည်ဟု ဆိုသည်။

၂၀၂၄ တွင် ယင်းရောဂါသည် ကမ္ဘာတဝန်း "endemic" အဖြစ် ရှိနေနိုင်သည်ဟု ကုမ္ပဏီက ခန့်မှန်းသည်။

"အဲဒါက ဘယ်အချိန်မှာ၊ ဘယ်လိုဘယ်ပုံ အတိအကျ ဖြစ်မလဲ ဆိုတာကတော့ ရောဂါရဲ့ ဆင့်ကဲဖြစ်စဉ်အပြင် လူ့အဖွဲ့အစည်းက ကာကွယ်ဆေးတွေ၊ ကုသမှုတွေကို ဘယ်လိုဘယ်ပုံ ထိထိရောက်ရောက် ဖြန့်ကျက်လုပ်ဆောင်နိုင်သလဲဆိုတာနဲ့ ကာကွယ်ဆေးထိုးမှုနှုန်း နိမ့်နေတဲ့ နေရာတွေမှာ ကာကွယ်ဆေးတွေ သာတူညီမျှ ဖြန့်ဝေမှု တို့အပေါ်မှာ မူတည်ပါလိမ့်မယ်" ဟု ဒေါလ်စတန်က ပြောသည်။

"ကမ္ဘာ့ကပ်ရောဂါက မည်ကဲ့သို့ ဆက်သွားမလဲ ဆိုသည့်အပေါ် ဗိုင်းရပ်စ်မျိုးကွဲသစ်များ ထွက်ပေါ်မှုကလည်း သက်ရောက်နိုင်သည်" ဟုလည်း ၎င်းက ပြောသည်။

Pfizer Inc သည် ဂျာမနီ၏ BioNTech SE နှင့်အတူ ယင်း၏ COVID-19 ကာကွယ်ဆေးကို ထုတ်လုပ်ဖော်စပ်ထားပြီး လက်ရှိတွင် လာမည့်နှစ်၌ ဝင်ငွေ ဒေါ်လာ ၃၁ ဘီလီယံဖြစ်ထွန်းမည်ဟု မျှော်မှန်းထားသည်။ ယင်းသည် လာမည့်နှစ်တွင် ကာကွယ်ဆေးပုလင်းပေါင်း ၄ ဘီလီယံ ထုတ်လုပ်ရန် စီစဉ်ထားသည်။

ထိုဆေးကုမ္ပဏီတွင် Paxlovid ဟု ခေါ်သော စမ်းသပ် ဗိုင်းရပ်စ် ကုသဆေးဖြစ်သည့် သောက်ဆေးတစ်မျိုးလည်း ရှိပြီး လက်တွေ့စမ်းသပ်ချက်တစ်ရပ်အရ ယင်းဆေးက ရောဂါဒဏ်ကြောင့် ထိခိုက်လွယ်သည့် လူကြီးများတွင် ဆေးရုံတက်ရမှုနှုန်းနှင့် သေဆုံးမှုနှုန်းကို ၉၀ ရာခိုင်နှုန်းနီးပါး လျှော့ချပေးနိုင်သည်ဟု တွေ့ရှိထားသည်။

Pfizer ၏ ခန့်မှန်းချက်မတိုင်မီ ပြီးခဲ့သည့်လက အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတစ်ခုလည်း ပေါ်ထွက်နေခဲ့ပြီး ယင်းက ဗိုင်းရပ်စ်၏ မူလဗားရှင်းထက် သန္ဓေပြောင်းမှု ၅၀ ကျော် ရှိနေသည်။ အိုမီခရွန်က ဗိုင်းရပ်စ်ကူးစက်မှုကနေ ကာကွယ်မည့် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံခြင်း၏ ထိရောက်စွမ်းကို အားနည်းစေနိုင်ကြောင်း တွေ့ရှိထားသဖြင့် ကမ္ဘာတဝန်း အလျင်အမြန် ကူးစက်ပျံ့နှံ့နိုင်မည့်အပေါ် စိုးရိမ်ပူပန်မှုများကို ထွက်ပေါ်ထားစေခဲ့သည်။

လက်ရှိအချိန်တွင် ကမ္ဘာတွင် အိုမီခရွန် မျိုးကွဲ တွေ့ရှိမှုမတိုင်မီ အမေရိကန် ရောဂါထိန်းချုပ်ရေးဆိုင်ရာ ထိပ်တန်းပညာရှင်ဖြစ်သည့် အန်တိုနီ ဖော့စီက COVID-19 ကပ်ရောဂါသည် အမေရိကန်တွင် ၂၀၂၂ ခုနှစ်၌ အဆုံးသတ်လိမ့်မည်ဟု ခန့်မှန်းထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required