ကချင်ပြည်နယ် ကန်ပိုက်တည်နယ်စပ်ဂိတ်မှ ကုန်စည်ပြန်လည်ပို့ဆောင်

ကချင်ပြည်နယ် ကန်ပိုက်တည်နယ်စပ်ဂိတ်မှ ကုန်စည်ပြန်လည်ပို့ဆောင်

ဒီဇင်ဘာလ ၁၉ ရက်

ငါးလခန့်ကြာအောင်ပိတ်ထားခဲ့သည့် ကချင်ပြည်နယ်အတွင်းက တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းဖြစ်သည့် ကန်ပိုက်တည်နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်ကနေ ယခုလ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပြန်လည်ဖွင့်ပေးခဲ့ကြောင်း သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်း ထံကနေ သိရသည်။

မြန်မာနိုင်ငံဘက်အခြမ်းမှာ ဖြစ်ပွားနေသည့် ကိုဗစ်ကူးစက်ရောဂါအခြေအနေကြောင့် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ဇူလိုင်လ ၁၁ ရက်နေ့မှာ တရုတ်နိုင်ငံဘက်ကနေ ပိတ်ထားခဲ့ရာမှ နှစ်ဖက်တာဝန်ရှိသူများက ဆယ်ကြိမ်ထက်မက တွေ့ဆုံဆွေးနွေခဲ့ကြပြီးနောက် အခုလို တရုတ်အစိုးရဘက်ကနေ နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

ကန်ပိုက်တည်နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးခဲ့သည့် ဒီဇင်ဘာလ ၁၆ရက်နေ့မှ ယနေ့အထိ ကချင်ပြည်နယ်အတွင်းမှ သီးနှံစိုက်ပျိုးထုတ်လုပ်သည့် ကုန်တင်တွဲကားအစီး ၃၀ ထက်မနည်း တရုတ်နိုင်ငံဘက်ကို ဝင်ရောက်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ အတွင်းရေးမှူး ဦးဂမ်အောင်က အခုလိုပြောပြခဲ့သည်။

“ လတ်တလောကတော့ ကျနော်တို့စီက ကားတွေပဲသွားနေဦးမှာပါ။ တရုတ်က ကုန်ကားအဝင်တော့ရှိဦးမှာ မဟုတ်ပါဘူး” လို့ ဦးဂမ်အောင်က ဆိုပါသည်။

တရုတ်နိုင်ငံ ယူနန်ထိန်ချုံးဒေသသို့ ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့် ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တစ်သျုးဌက်ပျောကို မြန်မာဘက်မှ ပို့ကုန်အဖြစ် အဓိကတင်သွင်းမည်ဖြစ်ပြီး၊ တရုတ်နိုင်ငံမှ သွင်းကုန်အဖြစ် လူသုံးကုန်များ၊ စားသောက်ကုန်များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများကို တင်သွင်းသွားမှာဖြစ်ပြီး မြန်မာဘက်မှကုန်ကားအစီး ၅၀၀ နှင့်ကုန်သွယ်ရန် ကနဦးသဘောတူညီမှုရရှိထားကြောင်း သီးနှံစိုက်ပျိုးထုတ်လုပ်ရေးအသင်းဝင် ကုန်သည်များက ပြောပြသည်။

 “ဟိုဖက်မှာ ခေါက်တိုမောင်းတဲ့ ကားသမားတွေရှိတယ်။ အဲ့နေရာတွေထိ ဒီကနေ ကားမောင်းသွားပြီး ကားကိုသွားအပ်ရမယ်။ ကားအပ်ပြီးရင်တော့ ခေါက်တိုမောင်းတဲ့ကားသမားတွေက ကားယူပြီး တရုတ်ပြည်ထဲကိုဝင်ပြီးကာမှ ကုန်သွားချရမယ်။ ပြီးရင်တော့ ကားအလွတ်ပြန်ယူလာပြီး မြန်မာပြည်က ကားသမားတွေစီ ကားပြန်အပ်ရမယ်” လို့ တင်သျူးဌက်ပျောတင်ပို့နေသည့် ကုန်သည်တစ်ဦးက ဆိုသည်။

မြန်မာပြည်ဘက်မှ လုပ်ငန်းရှင်များအနေဖြင့် တရုတ်ပြည်ဘက်သို့ ပို့ကုန်တင်ပို့ရာမှာ စစ်ကောင်စီခန့် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီထံ ခွင့်ပြုချက်တင်ပြရပြီး၊ ခွင့်ပြုချက်ရလာမှ ခွင့်ပြုသည့်အတိုင်းသာတင်ပို့ရသည်ဟု  ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းဝင် ကုန်သည်များကပြောသည်။

လက်ရှိအချိန်မှာ ကချင်ပြည်နယ်အတွင်း စိုက်ပျိုးသီးနှံထုတ်လုပ်သူများအသင်းဝင် ကုမ္ပဏီပေါင်း ၃၃ ခုအတွက် ကားအစီးရေ ၅၀၀ ကို ကုန်သွယ်ခွင့်ပြုထားတယ်လို့ နယ်စပ်ကုန်သွယ်ရေး အချက်အလက်တွေအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required