မွန်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ်များ ပြန်လည်တွေ့ရှိ

မွန်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ်များ ပြန်လည်တွေ့ရှိ

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်။

မွန်ပြည်နယ်တွင် ဒီဇင်ဘာလဆန်းပိုင်း အချိန်ခန့်ကစတင်၍ ယခုတတိယအပတ်အထိ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ အသစ်များ ဆက်တိုက် ပြန်လည်တွေ့ရှိလာသည်ဟု မြို့နယ်ကျန်းမာရေး တာဝန်ရှိသူအချို့နှင့် ကိုဗစ် အရေး အကူအညီပေးနေသူများ က ပြောသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကိုဗစ်-၁၉ လူနာအသစ် ၄ ဦး ထပ်တိုးလာပြီး နေ့စဉ် ပိုးတွေ့လူများရှိနေသည်ဟု သိရသည်။

"မြို့နယ်တချို့တွေမှာ ကိုဗစ် Positive လူနာအသစ်တွေ ပြန်တွေ့နေတာတွေရှိတယ်။ လူတွေကလည်း အခုဆို ရင် ပုံမှန်သွားလာနေတော့ ကူးစက်မှုက တစ်ခါပြန်များလာမှာကို စိုးရိမ်မိတယ်။ မပေါ့ဆကြဖို့ပေါ့နော်။ mask တပ်ပြီးမှ သွားလာကြပါ။ ကိုဗစ်စည်းကမ်းအတိုင်း နေထိုင်ကြဖို့လည်း ပြောချင်ပါတယ်" ဟု မြို့နယ်တာဝန်ကျ ဆရာဝန်တစ်ဦး က ပြောသည်။

ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှု လျော့နည်းကျဆင်းလာခဲ့ရာမှ ဒီဇင်ဘာလဆန်းပိုင်းမှစကာ မြို့နယ်အချို့ တို့တွင် ကိုဗစ်-၁၉ ကူးစက် လူနာအသစ်များ ဆက်တိုက် ပြန်လည် တွေ့ရှိလာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ဆက်တိုက် ပြန်လည်တွေ့ရှိလာနေသည့်အတွက် မပေါ့ဆကြရန်နှင့် ကျန်းမာရေးအသိရှိကြရန် ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန် ကျန်းမာရေးတာဝန်ရှိသူတို့က တိုက်တွန်းပြောဆိုနေကြသည်။

ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာအသစ်များ ပြန်လည် တွေ့ရှိနေခြင်းသည် ကိုဗစ်တတိယလှိုင်း လက်ကျန် များသာဖြစ်ပြီး ကိုဗစ်တကျော့ပြန်လာခြင်းမဟုတ်ဘူးလို့လည်း ကျန်းမာရေးတာဝန်ရှိသူတို့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက် သေဆုံးမှုနှုန်းမြင့်တက်လာခဲ့ရာမှ ဩဂုတ်လလယ်ခန့်မှ စကာ ကိုဗစ်-၁၉ ကူးစက် သေဆုံးမှုနှုန်း သိသိသာသာ စတင်လျော့ကျလာခဲ့သည်။

ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့သည့် ဇူလိုင်လတွင် တစ်ရက်လျှင် ကိုဗစ် အတည်ပြုလူနာ ၅၀၀ ကျော်တွေ့ရှိခဲ့သည့်အပြင် သေဆုံးမှုလည်း တစ်ရက်လျှင် ၅၀ အထက်ရှိခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် မွန်ပြည်နယ်ထဲတွင် ရောဂါ ဖြစ်ပွားသူ ၁၆၄၈၅ ဦးရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၃၉၅ ဦးရှိခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly