ဖိလစ်ပိုင်မှာ တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၇၅ ဦးအထိ မြင့်တက်

ဖိလစ်ပိုင်မှာ တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၇၅ ဦးအထိ မြင့်တက်

ဒီဇင်ဘာ ၁၉

ဖိလစ်ပိုင်နိုင်ငံမှာ ယခုနှစ်အတွင်း အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ယခုအခါ သေဆုံးသူဦးရေဟာ ၇၅ ဦးထက်မနည်း ရှိသွားပြီ ဖြစ်ကြောင်း ဒီဇင်ဘာ ၁၉ ရက် တရားဝင်ကိန်းဂဏန်းတွေအရ သိရပါတယ်။

လက်ရှိအချိန်မှာ မုန်တိုင်းတိုက်ခတ်ပြီး အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တဲ့ ကျွန်းတွေထံ ရေနဲ့ အစားအသောက်တွေ ပို့ဆောင်နိုင်ဖို့ အားထုတ်မှုတွေကို တာဝန်ရှိသူတွေ အရှိန်မြှင့်လုပ်ဆောင်နေကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ တောင်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ တိုင်ဖွန်းမုန်တိုင်း ရိုင် ဝင်ရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပြီး လူပေါင်း ၃ သိန်းကျော်လောက်ဟာ ၎င်းတို့ရဲ့ နေအိမ်တွေနဲ့ ကမ်းခြေအနီး အပန်းဖြေစခန်းတွေကနေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။

မုန်တိုင်းကြောင့် ဧရိယာအများအပြားမှာ ဆက်သွယ်ရေးလိုင်းတွေ၊ လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ကာ အိမ်အမိုးတွေ ကျွတ်လန်တာ၊ ကွန်ကရစ်ဓာတ်တိုင်တွေ လဲကျတာနဲ့ ကျေးရွာတွေမှာ ရေလွှမ်းမိုးတာတို့ ဖြစ်ပေါ်ခဲ့ပါတယ်။

ပေါ်ပြူလာ ခရီးသွားနေရာ ဘိုဟောပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး အာသာ ယက်ပ်က ၎င်းရဲ့ ဖေ့ဘွတ်ခ်ပေ့ချ်မှာ ပြောခဲ့ရာမှာတော့  မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ကျွန်းပေါ်ရှိ မြို့တွေမှာ သေဆုံးသူ ၄၉ ဦးအထိ ရှိတယ်လို့ မြို့တော်ဝန်တွေက ထုတ်ဖော်ထားကြောင်း ပြောခဲ့ပါတယ်။

ယင်းအတွက်ကြောင့် တိုင်ဖွန်းမုန်တိုင်းကြောင့် နိုင်ငံမှာ သေဆုံးသူစုစုပေါင်းဟာ ၇၅ ဦးအထိ ရှိလာခဲ့တာကို နောက်ဆုံးထုတ်ပြန်ထားတဲ့ တရားဝင်ကိန်းဂဏန်းတွေက ပြသနေပါတယ်။

တိုင်ဖွန်းမုန်တိုင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်က နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ကျွန်းပေါ်မှာ လူ ၁၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး အခြား ၁၃ ဦး ဒဏ်ရာတွေ ရခဲ့တယ်လို့ ယက်ပ်က ပြောပါတယ်။

အဆိုပါ စူပါတိုင်ဖွန်းမုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီ ၁၉၅ ကီလိုမီတာ (မိုင် ၁၂၀) အထိ ရှိခဲ့တာဖြစ်ပါတယ်။

ကျယ်ပြောလှတဲ့ ကျွန်းစုနိုင်ငံရဲ့ အဆိုးဝါးဆုံး မုန်တိုင်းဒဏ်သင့် ဧရိယာတွေမှာ ရှာဖွေ၊ ကယ်ဆယ်ရေးအားထုတ်မှုတွေကို ကူညီဖို့ စစ်တပ်၊ ရဲ၊ ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ မီးသတ်ဌာနတို့မှ တပ်ဖွဲ့ဝင်အင်အား ထောင်ချီကို တပ်ဖြန့်ချကာ လုပ်ဆောင်လျက် ရှိပါတယ်။

သစ်ပင်တွေ၊ ဓာတ်တိုင်တွေ လဲကျပြီး ပိတ်ဆို့နေတဲ့ လမ်းတွေကို ရှင်းလင်းဖို့ စက်ယန္တရားကြီးတွေကိုလည်း ပို့ဆောင်ထားပါတယ်။

မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို ကူညီဖို့အတွက် လှူဒါန်းမှုတွေ လုပ်ဆောင်ဖို့ ပရဟိတအဖွဲ့တွေ၊ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ပန်ကြားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly