ပလက်ဝမြို့နယ်တွင် အမည်မသိ လူတစ်စုက ရွာသားများကို ဖမ်းဆီးပစ်ခတ်၊ ၆ ဦးသေ ၁ ဦးဒဏ်ရာရ

ပလက်ဝမြို့နယ်တွင် အမည်မသိ လူတစ်စုက ရွာသားများကို ဖမ်းဆီးပစ်ခတ်၊ ၆ ဦးသေ ၁ ဦးဒဏ်ရာရ

ဒီဇင်ဘာလ ၁၈ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ စိုးနီကနောင်ကျေးရွာမှ လူခုနစ်ဦးကို အမည်မသိ လူတစ်စုက  ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာအပြင်ဘက်တွင် သေနတ်ဖြင့်ပစ်ရာ ခြောက်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) (CDF Paletwa)မှ ယမန်နေ့ ဒီဇင်ဘာလ ၁၇ရက်တွင် ထုတ်ပြန်သည်။ 

“သူတို့က မျက်နှာဖုံးစွပ်တွေနဲ့  ရွာထဲဝင်လာပြီး လူတွေကို နာမည်စာရင်းနဲ့ ခေါ်ထုတ်သွားပြီး ရွာအပြင်မှာ ပစ်သတ်ထားခဲ့တာ” ဟု CDF Paletwa မှ ပြောခွင့်ရှိသူ ပေါလ် Paulကပြောသည်။ 

ဒီဇင်ဘာလ  ၁၆ ရက် ညနေ ၄ နာရီခန့်တွင် မျက်နှာဖုံးစွပ်ထားသော လက်နက်ကိုင် လူငါးဦးမှ ရွာအတွင်းသို့ဝင်လာပြီး ရွာသား လေးဦးနှင့် ကုမ္ပဏီဝန်ထမ်း သုံးဦး စုစုပေါင်း ခုနစ်ဦးအားဖမ်းဆီခေါ်ဆောင်ကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ စိုးနီကနောင်ရွာမှ ရွာသား သုံးဦး ယင်းရွာတွင် ဆေးလာဝယ်သည့် အခြားရွာသားတစ်ဦးနှင့် ယခင်အစိုးရလက်ထက်တွင် ကျောင်းဆောက်လုပ်ရေး လုပ်ငန်း တင်ဒါရထားပြီး လုပ်ငန်းမပြီးပြတ်သဖြင့် လုပ်ကိုင်နေသော ကုမ္ပဏီမှ ဝန်ထမ်း သုံးဦးတို့ဖြစ်သည်။ 
လက်ရှိတွင် ဒဏ်ရာရရှိသွားသူသည်  ဆမီးမြို့တွင်ဆေးကုသမှုခံယူနေကြောင်း သိရသည်။ 

ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး CDF Paletwa နှင့် ပြည်သူများအကြား အထင်လွဲမှားမှုများ ဖြစ်ပေါ်လာနိုင်သည့်အပြင် လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများအပေါ် လူမဆန်စွာသတ်ဖြတ်ခဲ့သော လူပုဂ္ဂိုလ် အဖွဲ့အစည်းအား စုံစမ်းစစ်ဆေးကာ ပြင်းပြင်း ထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအပေါ် အပြည့်အဝ တာဝန်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်  ဖော်ပြသည်။ 

CDF Paletwa သည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း စစ်မှန်သော ဖက်ဒရယ်ဒီမိုကစီ ပေါ်ပေါက်ရေးနှင့် ဖက်ဒရယ်တပ်မတော် ထူထောင်ပြီးသည်အထိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်  ပလက်ဝမြို့နယ်ကို အခြေပြုဖွဲ့စည်းထားသော ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required