ဗြိတိန်မှ ပညာသင်ဆုရကျောင်းသားဟောင်းများက ဖမ်းဆီးခံထားရသော တက်ကြွလှုပ်ရှားသူ ၂ ဦးကို ပြန်လွှတ်ပေးရန် တရုတ်အစိုးရကို တောင်းဆို

ဗြိတိန်မှ ပညာသင်ဆုရကျောင်းသားဟောင်းများက ဖမ်းဆီးခံထားရသော တက်ကြွလှုပ်ရှားသူ ၂ ဦးကို ပြန်လွှတ်ပေးရန် တရုတ်အစိုးရကို တောင်းဆို

ဗြိတိန် Chevening ပညာသင်ဆုရ ကျောင်းသားဟောင်း ၁၁၀ ကျော်က ထိန်းသိမ်းခံထားရသော တရုတ်တက်ကြွလှုပ်ရှားသူ ဆိုဖီယာဟွမ်ရှုချင်း နှင့် ဝမ်ကျန့်ပင်းကို ခြွင်းချက်မရှိ လွှတ်ပေးရန် တရုတ်အစိုးရ ကို တိုက်တွန်းလိုက်သည်။

အလွတ်သတင်းထောက် ဟွမ်သည် #MeToo လှုပ်ရှားမှုကြောင့် လူသိများသော ဂုဏ်သတင်းကြီးမားသော ပညာသင်ဆု ချီးမြှင့်ခံထားရပြီး လွန်ခဲ့သော ၃ လက တောင်ပိုင်း ကွမ်ကျိုးမြို့တွင် ထိန်းသိမ်းမခံရမီ Sussex တက္ကသိုလ်၌ မဟာဘွဲ့စတင်တက်ရောက်ရန် စီစဉ်ထားခဲ့သည်။အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ သူမ၏ သူငယ်ချင်း ဝမ်လည်း ထိန်းသိမ်းခံထားရသည်။

ပူးတွဲထုတ်ပြန်ချက်တွင် အဆိုပါတက်ကြွလှုပ်ရှားသူ ၂ ဦးနှင့်ပတ်သက်၍ တရုတ်အာဏာပိုင်များနှင့် ဆွေးနွေးမှုစတင်ရန်နှင့် Chevening မှ ခေါင်းဆောင်ပိုင်းများအနေဖြင့် လွတ်မြောက်ရေးအတွက် တောင်းဆိုရာတွင် ကျောင်းသားဟောင်းများနှင့်အတူ ရပ်တည်ရန် ပညာသင်ဆုအတွက် ငွေကြေးထောက်ပံ့ပေးသည့် ဗြိတိန်နိုင်ငံခြားရေးရာဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး (FCDO) ကို မေတ္တာရပ်ခံခဲ့ကြသည်။

"တရားဝင်လူ့အခွင့်အရေးလှုပ်ရှားမှုများအတွက် သူမနှင့်သူမ၏လုပ်ဖော်ကိုင်ဖက်အား အပြစ်ပေးရန် ရည်ရွယ်ပုံရသောကြောင့် Chevening ပညာသင်ဆုရ ဟွမ်ရှုချင်းကို မတရားဖမ်းဆီးချုပ်နှောင်ခြင်းအပေါ် လွန်စွာ စိုးရိမ်သည်ဟု "Free Xueqin & Jianbing အဖွဲ့က ဒီဇင်ဘာ ၉ ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

"သူတို့ဘယ်မှာရှိတယ်ဆိုတာကို ချက်ချင်းထုတ်ဖော်ပြောဆိုပြီးဟွမ်ရှုချင်းနဲ့ ဝမ်ကျန့်ပင်းကို ခြွင်းချက်မရှိလွှတ်ပေးဖို့ တရုတ်အာဏာပိုင်တွေကို ကျွန်တော်တို့ တိုက်တွန်းထားပါတယ်" ဟု ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့သည့် Chevening ပညာသင်ဆုရသူနှင့် ကျောင်းသားဟောင်းပေါင်း ၁၁၂ ဦးမှာ ဘရာဇီး၊ ပါကစ္စတန်နှင့် တောင်အာဖရိက အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်မှ ဖြစ်ပြီး ၉ ဦးသည် တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့မှ ဖြစ်သည်။

ဟွမ်နှင့်ဝမ်တို့သည် “နိုင်ငံတော်အာဏာကို ထိပါးနှောက်ယှက်ရေးလှုံ့ဆော်မှု” ဟူသော သံသယဖြင့် ဖမ်းဆီးခံထားရပြီး အမြင့်ဆုံး ထောင်ဒဏ်တစ်သက် ချမှတ်နိုင်သည့် ပြစ်မှုဖြစ်သည်။ ၎င်းတို့အား ကွမ်ကျိုးအမှတ် ၁ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သည့် စွဲချက်စာရွက်စာတမ်းအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required