Tata Motors ကားကုမ္ပဏီက လာမည့် ၅ နှစ်အတွင်း အများသုံး ကားများ ထုတ်လုပ်ရန် ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံမည်

Tata Motors ကားကုမ္ပဏီက လာမည့် ၅ နှစ်အတွင်း အများသုံး ကားများ ထုတ်လုပ်ရန် ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံမည်

အိန္ဒိယနိုင်ငံ၏ ကုန်တင်ကားထုတ်လုပ်သည့် အကြီးဆုံး ကားကုမ္ပဏီ Tata Motors က လျှပ်စစ်ယာဉ်များ အဓိက ပါဝင်မည့် အများသုံး ယာဉ်ထုတ်လုပ်ရေးအတွက် အစီအစဉ်သစ်တွင် လာမည့် ၄-၅ နှစ်အတွင်း ကန်ဒေါ်လာ ၁ ဘီလျံ ( ရူပီး ၇၅၀၀ ကုဋေ) ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း အဆိုပါ အစီအစဉ်အား သိရှိသူတစ်ဦးက ပြောကြားသည်။

ခရီးသည်တင် လျှပ်စစ်ယာဉ် (EV) ထုတ်လုပ်ရာတွင် ဦးဆောင်နေသည့် ကုမ္ပဏီက အများသုံးယာဉ်များ ထုတ်လုပ်ရာတွင် နည်းပညာမြင့်သည့် EV ယာဉ်များကို ထုတ်လုပ်ရန် ရည်မှန်းထားပြီး အင်ဂျင်ကို သဘာဝဓာတ်ငွေ့၊ သဘာဝဓာတ်ငွေ့အရည်၊ ဒီဇယ်တို့ဖြင့် မောင်းနှင်နိုင်ရန် ပုံစံပြုလုပ်မည်ဖြစ်သည်။

Tata Motors အနေဖြင့် ယခင်က သမားရိုးကျ စွမ်းအင်သုံး အင်ဂျင်များကဲ့သို့ပင် လျှပ်စစ်ဓာတ် အားသုံး ယာဉ် ဈေးကွက်တွင်လည်း ဦးဆောင်ကုမ္ပဏီ ဖြစ်လိုကြောင်း အဆိုပါကုမ္ပဏီ၏ အများသုံးယာဉ် စီမံကိန်းဌာနမှ အမှုဆောင်ဒါရိုက်တာ ဂီရစ်ရှ်ဝါဂါက ပြောကြားသည်။

ခရီးတိုများအတွက် ဘက်ထရီသုံးယာဉ်များအပြင် ခရီးရှည်များအတွက် သဘာဝဓာတ်ငွေ့လောင်စာကို အခြေခံသည့် လျှပ်စစ်ယာဉ်များကို ထုတ်လုပ်ရန် လုပ်ဆောင်လျက်ရှိသည်။

”အများသုံးကားကို လျှပ်စစ်ဓာတ်အားနဲ့ မထွက်ရှိခင် ဓာတ်ငွေ့လောင်စာနဲ့ အရင်ထွက်လာပါလိမ့်မယ်။ သဘာဝဓာတ်ငွေ့နဲ့ ထုတ်လုပ်ပြီးတော့မှ ထပ်ပြီး အဆင့်မြှင့်ပါမယ်။ ကျွန်တော်တို့အနေနဲ့ ထုတ်လုပ်မယ့် ပုံစံနဲ့ နည်းဗျူဟာကို ပြန်လည်ရေးဆွဲနေပြီး လက်တွေ့အခြေအနေနဲ့ ကိုက်ညီအောင် ဆောင်ရွက်သွားပါမယ်” ဟု ဝါဂါက ပြောကြားသည်။

Tata Motors ၏ အနီးဆုံးပြိုင်ဘက်ဖြစ်သည့် Ashok Leyland ကလည်း လျှပ်စစ်ယာဉ်လုပ်ငန်းတွင် Switch Mobility အစီအစဉ်ဖြင့် ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် လုပ်ဆောင်လျက်ရှိသည်။

လက်ရှိတွင် Tata Motors က အများသုံး လျှပ်စစ်ကား ၃ မျိုးကို ထုတ်လုပ်ရန် ကြေညာထားရာတွင် အားလုံးသည့် ဘတ်စ်ကားများဖြစ်သည်။ အိန္ဒိယ ရေနံကော်ပိုရေးရှင်းက ဟိုက်ဒရိုဂျင်လောင်စာအားသုံး လျှပ်စစ်ဘတ်စ်ကား ၁၅ စီးကို ယခုနှစ်အစောပိုင်းက မှာယူခဲ့သည်။

Tata Motors သည် ပြည်နယ်များရှိ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် ဘတ်စ်ကား စီးရေ ၆၅၀ ကျော်ကို ရောင်းချထားပြီး ကုမ္ပဏီ၏ လျှပ်စစ်ယာဉ်များသည် ကီလိုမီတာ သန်း ၂၀ ခန့် ပြေးဆွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly