အိန္ဒိယက နီပေါနို်ငငံ၏ ပြန်လည်တည်ဆောက်ရေးအတွက် ပံ့ပိုးငွေ အမြောက်အများပေးထား

အိန္ဒိယက နီပေါနို်ငငံ၏ ပြန်လည်တည်ဆောက်ရေးအတွက် ပံ့ပိုးငွေ အမြောက်အများပေးထား

နီပေါနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးသွားခဲ့သည့် ကျန်းမာရေး၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး၊ အိမ်ရာကဏ္ဍ၊ ပညာရေးကဏ္ဍများ ပြန်လည်တည်ဆောက်ရေး အတွက် အိန္ဒိယကပေးမည့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဘီလျံအနက်မှ ၄ပုံ ၁ ပုံ ကို အခမဲ့ထောက်ပံ့ငွေ အဖြစ်ပေးရန် ကတိပြုလိုက် ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားလိုက်သည်။

နီပေါနိုင်ငံပြန်လည်တည်ဆောက်ရေးဆိုင်ရာ နိုင်ငံတကာညီလာခံအား အွန်လိုင်းမှတစ်ဆင့် ကျင်းပရာတွင် ဂျိုင်ရှန်ကာက နီပေါနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ် ငလျင်ကြောင့် ပျက်စီးမှုများကို ပြန်လည်တည်ဆောက်ရာတွင် အစိုးရက လိုအပ်ကြောင်း တင်ပြထားသည့် လုပ်ငန်းများအတွက် အိန္ဒိယအစိုးရက ၎င်း၏ ကတိကဝတ်များကို များစွာဖြည့်ဆည်းပေးထားကြောင်းလည်း ပြောကြားသည်။

“ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများကို ပြန်လည်တည်ဆောက်ရေးအတွက် အိန္ဒိယအစိုးရက ဒေါ်လာ ၁ ဘီလျံ ကူညီရန် ကတိပြုထားရာမှာ ၄ ပုံ ၁ပုံ ကို အခမဲ့ ထောက်ပံ့ငွေအဖြစ် ကျန်းမာရေး၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး၊ အိမ်ရာကဏ္ဍ၊ ပညာရေးကဏ္ဍများအတွက် ပေးသွားမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်ကျော်က နီပေါအစိုးရက လိုအပ်ကြောင်း တင်ပြလာတဲ့ ဦးစားပေးကဏ္ဍအသီးသီးအတွက် အိန္ဒိယက အမြောက်အများ ဖြည့်ဆည်းပေးထားပါတယ်” ဟု လည်း ဂျိုင်ရှန်ကာက ပြောကြားသည်။

ဂေါ်ရခါးနှင့် နူဝါကော့ ခရိုင်များတွင် အိန္ဒိယ၏ အထောက်အပံ့အဖြစ် တည်ဆောက်ထားသည့် ကိုယ်ပိုင်အိမ် ၅၀၀၀၀ ကိုလည်း တည်ဆောက်ပြီးစီးသွားကြောင်းနှင့် ကျန်းမာရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင် ကျန်ရှိနေသည့် စီမံကိန်းများကိုလည်း ဆက်လက်လုပ်ဆောင်နေကြောင်း ၎င်းကပြောကြားသည်။

“နီပေါမှာ ငလျင်ဒဏ်ခံရတဲ့ ခရိုင်တွေမှာ စာသင်ကျောင်း ၇၀၊ စာကြည့်တိုက် ၁ လုံး၊ ကျန်းမာရေးဌာန ၁၃၂ ခု၊ ယဉ်ကျေးမှုအမွေအနှစ် စီမံကိန်းများ တည်ဆောက်ရေးအတွက် အိန္ဒိယက ငွေကြေးပံ့ပိုးထားပါတယ်” ဟု ၎င်းက ပြောကြားသည်။

နီပေါတွင် ၂၀၁၅ ခုနှစ်က အင်အားပြင်း ငလျင် ၂ ခုလှုပ်ခတ်ခဲ့ရာတွင် ကျေးလက်နှင့် မြို့ပြတွင် အိမ်များ၊ ကျောင်းများ၊ အများပိုင် အဆောက်အအုံများ၊ ယဉ်ကျေးမှုအမွေအနှစ်နေရာများ၊ အခြားရုပ်ပိုင်းဆိုင်ရာ အခြေခံ အဆောက်အအုံနှင့် အသက်မွေးဝမ်းကြောင်းတို့ ထိခိုက်ပျက်စီးခဲ့သည်။

အဆိုပါ နှစ်အတွင်း၌ပင် သဘာဝဘေးအန္တရာယ်အလွန် လိုအပ်ချက်များအကဲဖြတ်ခြင်း (PDNA) ကို ပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ထပ်မံထုတ်ပြန်ခဲ့သည့် စာရင်း၌ စီးပွားရေးအရ ဆုံးရှုံးမှုသည် ကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလျံရှိခဲ့သည်။ ငလျင်ဒဏ်ခံခဲ့ရသည့် ခရိုင် ၇၇၃၂ ခုတွင် လူပေါင်း ၉၀၀၀ နီးပါး သေဆုံးခဲ့ပြီး ၂၂၀၀၀ ဦး ဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly