ယခုရာသီတွင် ဆုဖလားရရှိရမည်ဟု ရီးယဲလ်နည်းပြသစ် ဇီဒန်းဆို

ယခုရာသီတွင် ဆုဖလားရရှိရမည်ဟု ရီးယဲလ်နည်းပြသစ် ဇီဒန်းဆို

မက်ဒရစ်၊ ဇန်နဝါရီ ၅ ။         ။ နည်းပြ ဘင်နီတက်ဇ်၏နေရာတွင် ရီးယဲလ်အသင်းကို အစားထိုးကိုင်တွယ်မည့် နည်းပြသစ် ဇီဒန်းက ယခုနှစ်ရာသီတွင် ဆုဖလားရရှိရမည်ဟု ကတိပေး ပြောဆိုလိုက်သည်။

ဘင်နီတက်ဇ်သည် ရီးယဲလ်အသင်းကို ၇ လကြာကိုင်တွယ်ခဲ့ရာတွင် ပွဲစဉ် ၂၅ ပွဲ၌ ၁၇ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၃ ပွဲရှုံးရလဒ်ရရှိခဲ့သည်။ လက်ရှိတွင် ရီးယဲလ်အသင်းသည် လာလီဂါတွင် ဘာစီလိုနာနှင့် အက်သလက်တို့၏နောက် အဆင့်သုံးနေရာတွင် ရပ်တည်နေပြီး အသင်းမှာ တည်ငြိမ်မှု မရှိသည့်အတွက် အသင်းတာဝန်ရှိသူများက ဘင်နီတက်ဇ်ကို ရာထူးမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

ထို့နောက်တွင် ရီးယဲလ်အသင်းသည် နည်းပြအတွေ့အကြုံမရှိသည့် ကစားသမားဟောင်း ဇီဒန်းကို နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ကစားသမားဘဝတွင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည့် ဇီဒန်းသည် ရီးယဲလ်လက်ထောက်နည်းပြနှင့် ရီးယဲလ်(ခ)အသင်းများကိုသာ ကိုင်တွယ်ဖူးသူဖြစ်သည်။

သို့သော် ဇီဒန်းက 'ရီးယဲလ်အသင်းဆိုတာ ကမ္ဘာပေါ်မှာ အကောင်းဆုံးပရိသတ်တွေ ရှိတဲ့အသင်းပါ။ အကောင်းဆုံးအလုပ်လုပ်ပြီး ရာသီအဆုံးမှာ ဆုဖလားရယူချင်ပါတယ်။ ကစားသမားတွေနဲ့ လက်တွဲပြီး အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမှာပါ။ ကောင်းကောင်း လုပ်နိုင်မယ်လို့ ထင်ပါတယ်။

မနက်ဖြန်ကစပြီး အားလုံးနဲ့ အလုပ်အတူတူ တွဲလုပ်သွားဖို့ မျှော်လင့်ထားပါတယ်။ မနက်ဖြန်ပဲ စလုပ်မှာပါ။ ဒီနေ့က ကျွန်တော့်အတွက် အလွန်အရေးကြီးပါတယ်။ အလွန်လည်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။ ကစားသမားဘဝက ရီးယဲလ်နဲ့စာချုပ် ချုပ်တဲ့အချိန်ထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေမိပါတယ်။ ဒီအသင်းအတွက် ကျွန်တော့်နှလုံးသားနဲ့ လုပ်ဆောင်သွားမှာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်' ဟု ဇီဒန်းက ပြောဆိုခဲ့သည်။

ဇီဒန်းသည် ရီးယဲလ်အသင်းတွင် ကစားခဲ့စဉ်က လာလီဂါဖလားနှင့် ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားပေါင်း ခြောက်လုံး ရရှိခဲ့သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly