စီးပွားရေးပြိုလဲမှုနှင့်အတူ အာဖဂန်နစ္စတန်၌ ဆာလောင်ငတ်မွတ်မှုကြောင့် ဖိစီးခံနေရ

စီးပွားရေးပြိုလဲမှုနှင့်အတူ အာဖဂန်နစ္စတန်၌ ဆာလောင်ငတ်မွတ်မှုကြောင့် ဖိစီးခံနေရ

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့ အာဏာထိန်းချုပ်ခဲ့ပြီးနောက် လေးလခန့်ကြာ ရှိလာခဲ့ချိန်တွင် ယခုအခါ ယင်းနိုင်ငံသည် လူအများအပြား အစာရေစာ ငတ်ပြတ်မှု သို့မဟုတ် ငတ်မွတ်မှု အခြေအနေတစ်ရပ်အောက် ကျရောက်တော့မည့်ဆဲဆဲ အခြေအနေတွင် ရှိနေသည်။ ယင်းအခြေအနေက ယခု ဆောင်းရာသီတွင် ကလေးငယ် တစ်သန်းကို သေဆုံးစေရန် ခြိမ်းခြောက်နေသည်ဟု အကူအညီပေးရေး အဖွဲ့များက ပြောသည်။ ယင်းဦးရေပမာဏသည် ပြီးခဲ့သည့် နှစ် ၂၀ ကျော်အတွင်း စစ်ပွဲ၏ တိုက်ရိုက်ရလဒ်တစ်ခုအဖြစ် အသတ်ခံခဲ့ရသည်ဟု ခန့်မှန်းရသည့် အာဖဂန်အရပ်သားဦးရေစုစုပေါင်းထက် ပိုများနေမည် ဖြစ်သည်။

အာဖဂန်နစ္စတန်တွင် ဆယ်စုနှစ်များစွာကြာ အာဟာရ ချို့တဲ့မှုကြောင့် ထိခိုက်ခံစားထားခဲ့ရသလို မကြာသေးသော လများတွင် ယင်းနိုင်ငံ၏ ဆာလောင်ငတ်မွတ်မှု အကျပ်အတည်းသည် သိသိသာသာ ပိုမိုဆိုးရွားထားခဲ့သည်။

ယခုဆောင်းရာသီတွင် နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော် ဖြစ်သည့် ခန့်မှန်းခြေ လူပေါင်း ၂၂ ဒသမ ၈ သန်း ခန့်သည် စားနပ်ရိက္ခာ မဖူလုံမှုဆိုင်ရာ ဖြစ်နိုင်ခြေရှိ အသက်အန္တရာယ် ခြိမ်းခြောက်သည့် လယ်ဗယ်များနှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်ဟု ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဥ်နှင့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့တို့၏ အကဲဖြတ်ချက်တစ်ခုအရ သိရသည်။

၎င်းတို့အနက် လူပေါင်း ၈ ဒသမ ၇ သန်းသည် စားနပ်ရိက္ခာ အကျပ်အတည်းတစ်ခု၏ အဆိုးဆုံးအဆင့်တစ်ခုဖြစ်သည့် အငတ်ဘေးနှင့် နီးကပ်နေသည်။

ယင်းကဲ့သို့သော ပျံ့နှံ့ဖြစ်ပေါ်နေသည့် ဆာလောင်ငတ်မွတ်မှုက တာလီဘန်တို့ အာဏာပြန်ရပြီးနောက်ပိုင်း အာဖဂန်နစ္စတန်ကို အကြီးအကျယ် ထိခိုက်ပျက်စီးထားစေသည့် စီးပွားရေး ပြိုလဲပျက်စီးမှု၏ ထိခိုက်ပျက်စီးမှုအကြီးဆုံး လက္ခဏာရပ် ဖြစ်သည်။

လက်တွေ့အားဖြင့်လည်း ယခင် အနောက်အုပ်စု ကျောထောက်နောက်ခံပြု အစိုးရကို ထောက်ကူကျားကန်ပေးထားခဲ့သည့် နိုင်ငံခြား အကူအညီ ဒေါ်လာဘီလီယံများစွာမှာ နေ့ချင်းညချင်း ပျောက်ကွယ်သွားခဲ့သလို တာလီဘန်တို့အပေါ် အမေရိကန်၏ အရေးယူဒဏ်ခတ်မှုကြောင့် ယင်းနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်နှင့် သီးခြားကင်းကွာစေခဲ့သည်။ ယင်းအတွက်ကြောင့်လည်း အာဖဂန်ဘဏ်များကို တုံ့ဆိုင်းရပ်တန့်စေသလို လူသားချင်းစာနာမှု အဖွဲ့အစည်းများ၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း အဟန့်အတားဖြစ်စေခဲ့သည်။

နိုင်ငံတဝန်း နေ့စားအလုပ်သမားများမှ စပြီး ဆရာဝန်များ၊ ကျောင်းဆရာများအထိ ပြည်သူသန်းနှင့်ချီတို့သည် ပြီးခဲ့သည့် လများအတွင်း ဝင်ငွေ ပုံမှန် မရှိမှု သို့မဟုတ် ဝင်ငွေလုံးဝ မရှိမှု အခြေအနေများနှင့် ဖြတ်သန်းထားခဲ့ရသည်။

စားသောက်ကုန်နှင့် အခြားသော အခြေခံကုန်စည်များ၏ ဈေးနှုန်းများမှာ မိသားစုအများအပြား လက်လှမ်းမမှီလောက်အောင် မြင့်တက်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly