မြန်မာအမျိုးသားကို သတ်သည့် စွဲချက်ဖြင့် ထိုင်းခုနစ်ဦးကို ဖမ်းဆီး

မြန်မာအမျိုးသားကို သတ်သည့် စွဲချက်ဖြင့် ထိုင်းခုနစ်ဦးကို ဖမ်းဆီး

ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်နေ့က မြန်မာအမျိုးသား တစ်ဦးကို ဝိုင်းဝန်း ကန်ကျောက် ထိုးနှက်ရာမှ လူသေဆုံးမှု ဖြစ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ထိုင်းခုနစ်ဦးကို ချင်းမိုင်တွင် ဇန်နဝါရီ ၄ ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်းတွင်ရေးသားသည်။

အဆိုပါ ဖမ်းမိသံသယ ရှိသူများမှာ တီအမ် (၂၀)၊ ဂျုမ်(၁၉)၊ ဝတ်(၁၇)၊ ပေါ့(၁၈)၊ ဒယ်(၁၇)နှင့် ချိုင်(၁၈)အပြင် ချင်းမိုင်တွင် နေထိုင်သူတစ်ဦးဖြစ်သည့် ဆာယန်ချန်သစ်(၂၂)နှစ်တို့ဖြစ်ကြသည်။

မြန်မာနိုင်ငံမှ အသက် ၂၁ နှစ်ရှိ အမျိုးသားတစ်ဦးကို ချင်းမိုင်ပြည်နယ် အစိုးရရုံးအနီး လမ်းတစ်လမ်းတွင် ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးလျက်ရှိသည်ကို ဇန်နဝါရီ ၂ ရက်က တွေ့ရှိခြင်းဖြစ်ကြောင်း ဒုတိယရဲမှူး ချန်တာဘတ်က ပြောသည်။

ရဲများ လူသတ်မှုဖြစ်ရာသို့ ရောက်ရှိချိန်တွင် ခေါင်းတွင် ပြင်းထန်သော ဒဏ်ရာဖြင့် မြန်မာအမျိုးသား သေဆုံးလျက်ရှိသည်ကို တွေ့ရှိခြင်းဖြစ်သည်။

အခင်းဖြစ်ရာမှ လူသတ်ရာတွင် အသုံးပြုခဲ့ဖွယ်ရှိသည့် သစ်သားချောင်း အကျိုးအပဲ့များနှင့် အုတ်နီခဲ တစ်ချို့ကို ရဲက သက်သေသိမ်းယူခဲ့သည်။ သေဆုံးသူအလောင်း၏ အိတ်အတွင်းမှ မတ်သာ ဖက်တမင်း ဆေးပြား ၁၃၀ ကိုလည်း ရဲက တွေ့ရှိသိမ်းဆည်းခဲ့သည်။

စီစီတီဗီ ပုံရိပ်များမှ ခြေရာခံ၍ ယခုသံသယရှိသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အသေးစိတ်ကိုမူ ရဲဌာနက ပြောကြားခြင်း မရှိသေးပေ။

ဖမ်းဆီးမိသူများက သေဆုံးသူနှင့်အဖော် မြန်မာအမျိုးသားတို့နှင့် ယင်းတို့က စကားများ ငြင်းခုံကြရာ ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး ရိုက်နှက်ခဲ့ရာမှ သေဆုံးမှုဖြစ်ပွားခြင်းဖြစ်ကြောင်း ဝန်ခံပြောသည်။

ယခုလူသေဆုံးမှုနှင့် အတူ အလောင်းတွင် ဆေးပြားများ တွေ့ရှိခြင်းကြောင့် မူးယစ်မှောင်ခိုမှုနှင့် ဆက်စပ်နေမည်ကို စုံစမ်းလျက်ရှိကြောင်း ရဲမှူး မွန်ထရီဆမ်ဘူနန်နွန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly