သထုံမြို့နယ်အတွင်း ခရီးသွားလာခွင့် ကန့်သတ်မိန့် KNU ထုတ်ပြန်

သထုံမြို့နယ်အတွင်း ခရီးသွားလာခွင့် ကန့်သတ်မိန့် KNU ထုတ်ပြန်

ဒီဇင်ဘာလ ၁၇ ရက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ခရီးသွားလာခွင့်ကို နံနက် ၆ နာရီမှ ည ၆ နာရီ အထိသာ ခွင့်ပြုထားပြီး ယင်းအချိန်ကျော်လွန်ပါက ခရီးသွားလာခွင့်မပြုကြောင်း ကရင်အမျိုးသားအစည်း အရုံး(KNU) သထုံမြို့နယ် အလုပ်အမှုဆောင် ကော်မတီက ထုတ်ပြန်လိုက်သည်။

ထိုကန့်သတ်မိန့်ကို ဒီဇင်ဘာလ ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မော်တော်ယာဉ်ဖြင့် ခရီးသွားလာပါက ကားမှန်ချ၍ မောင်းနှင်ပေးကြရန် တိုက်တွန်းထားသည်။

သထုံမြို့နယ်အတွင်း၌ KNLA ၊ ဒေသခံကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်ကာ တိုက်ပွဲစိပ်လာသည့်အတွက် ယခုလို ကန့်သတ်မိန့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း KNLA နှင့် နီးစပ်သူ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။ 

“ထိတွေ့မှုတွေ နေ့တိုင်းနီးပါးလိုလို ရှိနေတယ်။ ကျွန်တော်တို့ဘက်ကနေပြီးတော့ စစ်ကောင်စီရဲ့ ဝင်ပြီးတိုက်ခိုက်တာတို့ ရှိတယ်။ စစ်ကောင်စီဘက်ကနေလည်း ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးလည်း ရှိတယ်” ဟု သထုံပြည်သူ့ ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

ပြည်သူများအနေဖြင့် ကန့်သတ်ချိန်အတွင်း အရေးပေါ် ခရီးသွားလာရမည်ဆိုပါက ၎င်းတို့တာဝန်ရှိသူများထံ ဆက်သွယ်ပေးကြရန်နှင့် ကန့်သတ်မိန့်ကို လိုက်နာခြင်းမရှိပါက နောက်ဆက်တွဲပြဿနာများကို တာဝန်ယူမည်မဟုတ်ကြောင်း KNU သထုံမြို့နယ် အလုပ်အမှုဆောင် ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required