ထောင် ၂ နှစ်ခွဲ ချမှတ်ခံထားရသည့် ရခိုင်ကျောင်းသားများကို ပြစ်ဒဏ် ၁ နှစ် လျော့ပေါ့ရန် ပြင်ဆင်မိန့်ချ

ထောင် ၂ နှစ်ခွဲ ချမှတ်ခံထားရသည့် ရခိုင်ကျောင်းသားများကို ပြစ်ဒဏ် ၁ နှစ် လျော့ပေါ့ရန် ပြင်ဆင်မိန့်ချ

ဒီဇင်ဘာလ ၁၆ ရက်

NLD အစိုးရ လက်ထက်က စစ်တပ်နှင့် အစိုးရကို ဆန့်ကျင်ကြောင်း ဆန္ဒပြ၍ ထောင်ဒဏ် နှစ်နှစ်နှင့် ခြောက်လ အမိန့်ချမှတ် ခံထားရသော ရခိုင်တက္ကသိုလ် ကျောင်းသားလေးဦးကို ဒီဇင်ဘာလ ၁၆ ရက် ကြာသပတေးနေ့ တွင် ရခိုင်ပြည်နယ် တရားလွှတ်တော်က ထောင်ဒဏ် တစ်နှစ်လျော့ပေါ့ပေးရန် အပြီးသတ် ပြင်ဆင်မိန့် ချမှတ်လိုက်ကြောင်း ကျောင်းသားများ၏ ရှေ့နေ ဦးကျော်ညွှန့်မောင်က မဇ္ဈိမကို ပြောသည်။ 

ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေး တာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေး တာဝန်ခံ ကိုဦးသန်းနိုင်၊ ရက္ခိုင်ပြည် ကျောင်းသားများသမဂ္ဂ (ဒဂုံတက္ကသိုလ်) မှ ကိုကောင်းထွန်းနှင့် ကျောက်ဖြူ ပညာရေး ကောလိပ်မှ ကိုမြတ်စိုးဝင်း တို့ကို စစ်တွေမြို့နယ် တရားရုံးက ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့က ထောင်ဒဏ် နှစ်နှစ်ခွဲ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့လေးဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် နှစ်နှစ်နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ (၂၉) ဖြင့် ထောင်ဒဏ် ခြောက်လ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် အမှုကို စစ်တွေခရိုင် တရားရုံးသို့ အယူခံတက်ခဲ့ရာ ပယ်ချခံခဲ့ရပြီး ပြည်နယ်တရားလွှတ်တော်သို့ ဆက်လက်အယူခံတက်ခဲ့ရာ တရားလွှတ်တော်က အမှုကို လက်ခံပြီးနောက် ပြစ်ဒဏ် တစ်နှစ် လျော့ပေါ့ ကျခံစေရန် ယနေ့ဒီဇင်ဘာလ ၁၆ ရက်တွင် အပြီးသတ်အမိန့် ချလိုက်ခြင်း ဖြစ်သည်။

“မူလက ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်ထားတယ်။ အဲဒါကို ရခိုင်ပြည်နယ် တရားလွှတ်တော်က ၅၀၅ (ခ) နဲ့ ဘေးစီမံ (၂၉) ကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချလိုက်တယ်။ တစ်ပေါင်းတည်းဆိုတော့ နှစ်နှစ်ခွဲမှာ နှစ်နှစ် ဖြစ်သွားတာပေါ့ဗျာ။ ပြီးတော့တစ်ခါ ၅၀၅ (ခ) ကို နှစ်နှစ်ချထားတာ ခြောက်လ ပြစ်ဒဏ် လျှော့လိုက်တယ်။ ဆိုတော့ မူလက ချထားတာ နှစ်နှစ်ခွဲအစား တစ်နှစ်ခွဲ ဖြစ်သွားပါတယ်။ ထောင်ဒဏ် တစ်နှစ် လျှော့သွားတာပေါ့” ဟု ရှေ့နေဦးကျော်ညွှန့်မောင်က ရှင်းပြသည်။

အကျဉ်းထောင်အတွင်း ချုပ်ရက် ခံစားခွင့်များကို နှုတ်လိုက်ပါက အဆိုပါ ကျောင်းသားလေးဦးသည် လာမည့် ၂၀၂၂ ခုနှစ် မတ်လနှောင်းပိုင်းတွင် လွပ်မြောက်လာခြေ ရှိကြောင်းလည်း ရှေ့နေက ပြောသည်။

အဆိုပါ ကျောင်းသားလေးဦးသည် NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က စစ်တွေမြို့ပေါ်၌ ကိုလိုနီ အစိုးရ အလိုမရှိ၊ ဖက်ဆစ်စစ်တပ် အလိုမရှိ၊ No Bloody Government၊ No Murder Army၊ Burmese Government Get Out၊ Burmese Army Get Out စသည့် ဗီနိုင်းများ ကိုင်ဆောင်ပြီး စစ်တပ်နှင့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုကြောင့် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဖမ်းဆီးတရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။

၎င်းတို့သည် စစ်တွေအကျဉ်းထောင်တွင် အကျဉ်းကျခံနေရပြီး ကျောင်းသားလေးဦးလုံး ကျန်းမာရေး ကောင်းမွန်သည်ကို တွေ့ရကြောင်း ရှေ့နေက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required