ဘင်္ဂလားဒေ့ရှ်မှာ လွတ်လပ်ရေးစစ် အောင်ပွဲ နှစ် ၅၀ ပြည့် ကျင်းပ

ဘင်္ဂလားဒေ့ရှ်မှာ လွတ်လပ်ရေးစစ် အောင်ပွဲ နှစ် ၅၀ ပြည့် ကျင်းပ

ဒီဇင်ဘာလ ၁၆ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပျက်စီးဆုံးရှုံးမှု များခဲ့တဲ့ လွတ်လပ်ရေးစစ်ပွဲကို ထူးထူးကဲကဲ အောင်ပွဲခံခဲ့တဲ့ နှစ် ၅၀ ပြည့်အဖြစ် ကြာသပတေးနေ့မှာ စစ်သူရဲကောင်းတွေကို ပြည်သူတွေက အမှတ်တရ ဂုဏ်ပြုပွဲ ကျင်းပပါတယ်။ 

ပါကစ္စတန် စစ်သားတွေ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် တပ်တွေဆီ လက်နက်ချတဲ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ် ဒီဇင်ဘာ ၁၆ ရက်နေ့ကို အောင်ပွဲနေ့အဖြစ် သတ်မှတ်ကျင်းပတာ ဖြစ်ပါတယ်။ ကိုးလကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်းမှာ လူပေါင်း သုံးသန်းကျော် အသက်ဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။ 

ပါကစ္စတန် အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ အမှတ်သင်္ကေတဖြစ်တဲ့ အမျိုးသား အာဇာနည်တို့၏ အထိမ်းအမှတ် မော်ကွန်းတိုင်မှာ လာရောက်ကြည့်ရှုသူ ထောင်ပေါင်းများစွာရှေ့ စစ်ပွဲအတွင်း ခြေလက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ စစ်ပြန်ဟောင်းတွေက ပန်းစည်းပန်းခွေတွေ ချကြပါတယ်။ 

နိုင်ငံအနှံ့မှာလည်း အမျိုးသမီးတွေဟာ နိုင်ငံတော်အလံနဲ့ ဆင်တူတဲ့ အစိမ်းနဲ့ အနီ ဆာရီတွေကို ဝတ်ဆင်ကြပြီး နိုင်ငံရဲ့ မျိုးချစ်စိတ်ဓာတ် သီချင်းတွေ တီးမှုတ်သီဆိုကြတဲ့ ဂီတပွဲတွေဆီ သွားရောက်ကြည့်ရှုကြပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် အချို့ ပွဲလမ်းသဘင် ဖျက်သိမ်းပေမယ့်လည်း လွတ်လပ်ရေး ရွှေရတုမြောက်အဖြစ် ဒီနှစ်တစ်လျှောက်လုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပွဲလမ်းသဘင်တွေ ဆင်ယင်ကျင်းပနေတာပဲ ဖြစ်ပါတယ်။ 

ပါကစ္စတန်နဲ့ ပဋိပက္ခ စတင်ဖြစ်ပွားတဲ့ အထိမ်းအမှတ် ကျင်းပတဲ့ မတ်လက ဂုဏ်ပြုပွဲတစ်ရပ်ကို အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီက တက်ရောက်ခဲ့ပါတယ်။ စစ်ပွဲကာလမှာ အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်အတွက် သေရေးရှင်ရေး အကူအညီတွေနဲ့ အထောက်အပံ့တွေကို ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။ 

“အိန္ဒိယတပ်တွေရဲ့ မြင့်မြတ်တဲ့ ရဲစွမ်းသတ္တိကို ကျွန်တော် မမေ့မပျောက် ရှိနေပါတယ်၊ ကျွန်တော်တို့ဟာ ဖိနှိပ်ချုပ်ချယ်တဲ့ အင်အားတွေကို အတူတူ တိုက်ခိုက်အနိုင်ယူခဲ့ကြတယ်”လို့ နယူးဒေလီမှာ အထိမ်းအမှတ်အဖြစ် ပန်းခွေချခဲ့တဲ့ မိုဒီက ကြာသပတေးနေ့မှာ တွစ်တာကနေ ရေးသားခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly