NLD ပါတီဝင်ကို လာရောက်ဖမ်းဆီးရာ မတွေ့၍ ၎င်း၏အစ်ကိုဖြစ်သူကို ဖမ်းဆီးသွား

NLD ပါတီဝင်ကို လာရောက်ဖမ်းဆီးရာ မတွေ့၍ ၎င်း၏အစ်ကိုဖြစ်သူကို ဖမ်းဆီးသွား

ဒိဇင်ဘာလ ၁၆ ရက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် မဆယ်ဆိပ်ကျေးရွာတွင် စစ်ကောင်စီတပ်က NLD ပါတီဝင် တစ်ဦးအား လာရောက်ဖမ်းဆီးရာ မတွေ့ရှိသောကြောင့် ၎င်း၏ အစ်ကို ဖြစ်သူကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

မဆယ်ဆိပ်ကျေးရွာကို ဒီဇင်ဘာလ ၁၄ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကားအသေး သုံးစီးဖြင့် လာရောက်ကာ ထိုသို့ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ ည ၁၁နာရီ ၂၀မိနစ်လောက်မှာ ရွာထဲကို စစ်ကားအသေး သုံးစီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာတယ်။ ရွာထဲက NLD ပါတီဝင် ဆိုတဲ့ ကိုမောင်မောင်ဆိုသူကို လာရှာတာ။ သူ့ကိုမတွေ့တော့ အစ်ကို ဖြစ်သူ ကိုဇော်မင်းထွန်းကို ဖမ်းသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ကိုဇော်မင်းထွန်းအား မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

“လာဖမ်းတဲ့သူက ရှောင်နေရတာကြာပြီ။ ဒလန်တွေသတင်းပေးလို့ လာရှာတာပါ။ အဲ့ဒီရွာက ကြံခိုင်ရေး ထောက်ခံသူတွေများတယ်။ စစ်သားအဝင်အတွက်လည်း ရှိတော့ မလိုတဲ့လူကို လက်တို့လိုက်ရင် ဖမ်းတော့တာပဲ”ဟု ကော့မှူးဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက လာရောက်ရှာဖွေဖမ်းဆီးသည့် NLD ပါတီဝင်ဖြစ်သူ ကိုမောင်မောင်သည် လက်ရှိအချိန်တွင် ရွာမှ ထွက်ပြေးတိမ်းရှောင်နေကြောင်းလည်း သိရသည်။

ထို့အပြင် ဒီဇင်ဘာလ ၁၅ ရက် နံနက်ပိုင်းကလည်း ကော့မှူးမြို့နယ် ကျိုက်ထော်ကျေးရွာသား သုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required