အင်းစိန်ထောင် အတွင်းသတင်း ပေါက်ကြားသည်ဟုဆိုကာ ရှေ့နေများ ခြိမ်းခြောက် ဖိအားပေးခံရ၊ အကျဉ်းသူများအား ကာယိန္ဒြေ ထိခိုက်စေမည့် ဖိနှိပ်မှုများ လုပ်ဆောင်နေ

အင်းစိန်ထောင် အတွင်းသတင်း ပေါက်ကြားသည်ဟုဆိုကာ ရှေ့နေများ ခြိမ်းခြောက် ဖိအားပေးခံရ၊ အကျဉ်းသူများအား ကာယိန္ဒြေ ထိခိုက်စေမည့် ဖိနှိပ်မှုများ လုပ်ဆောင်နေ

ဒီဇင်ဘာလ ၁၆ ရက်

အင်းစိန်ထောင် အတွင်းသတင်းများ ပေါက်ကြားသည်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသားများ ဥပဒေ အထောက်အကူရရှိရေး အတွက် လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေများ ခြိမ်းခြောက် ဖိအားပေးခံရကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင် ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။

“ရုံးထုတ်လာတဲ့ အခါကျရင် ရှေ့နေတွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ တွေ့ဆုံစကားပြောနေတဲ့အချိန်မှာ အနားမှာ ထောင်အာဏာပိုင်တွေလည်း ရှိနေတယ်။ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့)ကလည်း ရှိနေတယ်။ SP (အထူးရဲတပ်ဖွဲ့)လည်း ရှိနေတယ်။ အဲ့ဒီအချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေကို မင်းတို့ အာမချောင်နဲ့ ၊ ပြီးတော့ ရှေ့နေတွေကို ဘာဖိအားပေးသလဲဆိုရင် ထောင်ထဲက သတင်းတွေ အပြင်မှာ သတင်းပေါက်နေတာ ရှေ့နေတွေကြောင့် ၊ ရှေ့နေတွေက အာချောင်ပြီးတော့ အပြင်ကို သတင်းတွေ ပို့နေတယ်ဆိုပြီးပေါ့လေ။ အဲ့ဒီအတွက်ကြောင့် ရှေ့နေတွေကို အရေးယူမယ်ဆိုတဲ့ ပုံစံမျိုး တရားဝင်ကြေညာတယ်။ ရှေ့နေတွေရဲ့ နာမည်တွေပေါ့။ ဥပမာ နိုင်ငံရေးအကျဉ်း သား မောင်/မ ရဲ့ရှေ့နေဆိုတာ ဘယ်သူဆိုတာကို စာရင်းတွေ လိုက်မှတ်နေတယ်။ မနေ့က သူတို့ မသင်္ကာတဲ့ ရှေ့နေတွေရဲ့ စာရင်းတွေကို ယူသွားတယ်လို့ ပြောပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ရုံးထုတ်ပြန်ဝင်လာသော အမျိုးသမီးအကျဉ်းသူများကို ကာယိန္ဒြေ  ထိခိုက်စေသည့် ထမီချွတ်ပြီး စာရွက်စာတမ်းများပါ၊ မပါ စစ်ဆေးခြင်းအပြင် အမျိုးသမီးအကျဉ်းသူများ၏ မိန်းမအင်္ဂါအတွင်းကိုပါ ရှာဖွေနေမှု များရှိနေသည်ဟု ဆိုသည်။

“ အခုလို နိုင်ငံရေးအကျဉ်းသားတွေကို လူ့အခွင့် အရေးချိုးဖောက်မှုတွေ၊ လူ့ဂုဏ်သိက္ခာကို ဖျက်ဆီးနေမှု တွေအပြင် မှန်ကန်မျှတတဲ့ တရားစီရင်ရေးဖြစ်ဖို့အတွက် ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကိုပါ အာဏာပိုင် တွေက ဖိအားပေးခြိမ်းခြောက်တဲ့ ကိစ္စနဲ့ပတ်သက်ရင် ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ အနေနဲ့ (လုံးဝ) လက်ခံလို့မရတဲ့ အပြင် အဲ့ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်တယ်။” ဦးထွန်းကြည်က ဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်က အသံတိတ်သပိတ်တွင် ပါဝင်ခဲ့ကြသည့် ကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသား များကို ထောင်တွင်း ဖိနှိပ်မှုများရှိနေပြီး လက်ရှိတွင် ထမင်းထဲ သဲထည့် ကျွေးသည့်ပုံစံများကိုပါ ပြုလုပ်လာကြောင်း ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ရုံးထုတ်လာသည့် နိုင်ငံရေးအကျဉ်းသားများ၏ ခန္ဓာကိုယ် များတွင် ရိုက်နှက်ခံထားရသော ဒဏ်ရာများတွေ့ရှိကြောင်း၊ ထို့အပြင် အမိန့်မချရသေးသည့် နိုင်ငံရေးအကျဉ်းသားများကို ညပိုင်းတွင် ကင်းစောင့်ခိုင်းခြင်းများကိုပါ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

အင်းစိန်အကျဉ်းထောင်အတွင်း ဦးစီးအရာရှိဆိုသူက ဦးဆောင်၍ ထောင်ပိုင်လေးဆိုသူက အနီးကပ်ကွပ်ကဲကာ ယင်းသို့သော ဖိနှိပ်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဦးထွန်းကြည်က ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required