၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတဝန်း ဂျာနယ်လစ် ၄၈၈ ဦး ထောင်ချခံထားရပြီး ၄၆ ဦး အသတ်ခံရဟု RSF ပြော

၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတဝန်း ဂျာနယ်လစ် ၄၈၈ ဦး ထောင်ချခံထားရပြီး ၄၆ ဦး အသတ်ခံရဟု RSF ပြော
Photo - Google

ဒီဇင်ဘာလ ၁၆ ရက်

ကမ္ဘာတဝန်း လက်ရှိတွင် မီဒီယာသတင်းသမား ၄၈၈ ဦးအထိ ထောင်ချခံထားရပြီး ယင်းသည် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က လွန်ခဲ့သည့် ၂၅ နှစ်ကျော်အကြာက စာရင်းများ စတင်ကောက်ယူပြီးနောက်ပိုင်း စံချိန်တင်အမြင့်ဆုံး အရေအတွက်ဖြစ်နေကြောင်း အဆိုပါ NGO အဖွဲ့က ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်သည်။

တချိန်တည်းမှာပင် ယခုနှစ်အတွင်း သတင်းရယူရင်း အသတ်ခံရသည့် သတင်းသမားအရေအတွက်မှာ ၄၆ ဦး ဖြစ်ပြီး ယင်းက RSF အဖွဲ့ ယင်း၏ တစ်နှစ်တစ်ကြိမ် စာရင်းများ စတင်ထုတ်ပြန်ပြီးနောက်ပိုင်း အနိမ့်ဆုံး ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ အတော်အသင့် တည်ငြိမ်နေခြင်းနှင့် သက်ဆိုင်နေကြောင်း သိရသည်။

"သတင်းအလုပ်လုပ်ရင်း ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဂျာနယ်လစ်အရေအတွက်ဟာ ဒီနှစ်မှာ အများဆုံး ဖြစ်နေပြီး ဒါဟာ အာရ်အက်စ်အက်ဖ် အဖွဲ့ ၁၉၉၅ ခုနှစ်မှာ နှစ်စဥ် စာရင်းတွေ စတင်ထုတ်ပြန်ပြီးနောက်ပိုင်း ဒီနှစ်က ဖမ်းဆီးထောင်ချခံသတင်းသမားဦးရေ အများဆုံးရှိတဲ့ နှစ် ဖြစ်နေပါတယ်" ဟု သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေသည့် အဆိုပါ NGO အဖွဲ့က ထုတ်ပြန်သည်။

မြန်မာ၊ ဘယ်လာရုစ် နှင့် ဟောင်ကောင်တို့တွင် မီဒီယာအပေါ် ဖြိုခွင်းနှိမ်နင်းမှုများ ရှိနေခြင်းကြောင့် ယခုကဲ့သို့ ဖမ်းဆီးထောင်ချခံ သတင်းသမား ဦးရေပိုင်းတွင် ယမန်နှစ်ကထက် ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုနှစ်တွင် အမျိုးသမီး ဂျာနယ်လစ်ဦးရေအများအပြား ထိန်းသိမ်းဖမ်းဆီးခံထားရပြီး ဖမ်းဆီးခံအမျိုးသမီးဂျာနယ်လစ်ဦးရေ ယခုနှစ်လောက် များပြားသည်ကို ယခင်က တစ်ခါမှ မတွေ့ထားခဲ့ကြောင်း RSF အဖွဲ့က ပြောသည်။ ယခုနှစ်တွင် ကမ္ဘာတဝန်း ဖမ်းဆီးထိန်းသိမ်းခံထားသည့် အမျိုးသမီးဂျာနယ်လစ် ၆၀ ဦး ရှိပြီး ယင်းက ၂၀၂၀ ခုနှစ်ကထက် သုံးပုံတစ်ပုံခန့် ပိုများလာခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကျဥ်းချခံ ဂျာနယ်လစ်ဦးရေ အများဆုံး ရှိနေသည့်နိုင်ငံအဖြစ် ရှိနေပြီး ယင်းနိုင်ငံတွင် ထောင်ချခံဂျာနယ်လစ် ၁၂၇ ဦး ရှိနေသည်။ ယင်းက ဟောင်ကောင်တွင် ကာလကြာ ဒီမိုကရေစီလွတ်လပ်ခွင့် အများအပြားကို တိုက်စားစေရင်းဖြင့် တရုတ်က အမျိုးသားလုံခြုံရေးဥပဒေတစ်ရပ် ပြဋ္ဌာန်းခဲ့ခြင်းနှင့် သက်ဆိုင်နေသည်။

မြန်မာသည် ဖမ်းဆီးထောင်ချခံ ဂျာနယ်လစ် ၅၃ ဦးဖြင့် ဒုတိယနေရာတွင် ရှိနေပြီး ယင်းနောက်တွင် ဗီယက်နမ်က ၄၃ ဦး၊ ဘယ်လာရုစ်က ၃၂ ဦးနှင့် ဆော်ဒီအာရေးဗျက ၃၁ ဦးတို့ဖြင့် အသီးသီး ရပ်တည်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required