Horizon တိုက်စစ်မှူး စိုးကျော်ကျော် ဒူးအရွတ်ဒဏ်ရာကြောင့် နှစ်ပတ်ခန့် နားရမည်

Horizon တိုက်စစ်မှူး စိုးကျော်ကျော် ဒူးအရွတ်ဒဏ်ရာကြောင့် နှစ်ပတ်ခန့် နားရမည်
Horizon တိုက်စစ်မှူး စိုးကျော်ကျော်အား ရန်ကုန်အသင်းနှင့် ခြေစမ်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဇန်နဝါရီ ၄၊ ရန်ကုန်။             ။ မြန်မာနေရှင်နယ်လိဂ်ကလပ် Horizon အသင်းတိုက်စစ်မှူး စိုးကျော်ကျော်သည် မကွေးနှင့်ကစားခဲ့သော ရာသီကြိုခြေစမ်းပွဲတွင်  ဒူးအရွတ် ထိခိုက်မိကာ နှစ်ပတ်ခန့် အနားယူရမည် ဟု အသင်းမန်နေဂျာ ဦးကျော်ကျော်ဦးက ပြောသည်။

မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း စိုးကျော်ကျော်သည် ယခုနှစ်တွင် ဧရာဝတီယူနိုက်တက်အသင်းမှ Horizon အသင်းသို့ ပြောင်းရွေ့လာခဲ့ပြီး အသင်း၏ ခြေစမ်းပွဲစဉ်များ၌ ခြေစွမ်းပြနေသည့် ကစားသမားတစ်ဦး ဖြစ်သည်။

တိုက်စစ်မှူး စိုးကျော်ကျော်၏ ဒဏ်ရာနှင့် ပတ်သက်၍ “ စိုးကျော်ကျော်က မကွေးနဲ့ခြေစမ်းပွဲမှာ ဒူးအရွတ်ထိသွားတာပါ။ ဆရာဝန်ကတော့ နှစ်ပတ်လောက်နားရမယ် ပြောပါတယ်။ ရာသီအဖွင့်ပွဲတော့ လွဲဖို့ သေချာနေပါပြီ။ ဒုတိယပွဲလောက် ပြန်ပါနိုင်ဖို့တော့ ကြိုးစားပြီး ကုသပေးနေပါတယ်။ အသင်းကတော့ အခြားတိုက်စစ်မှူးတွေလည်း ရှိတော့ အားနည်းတာမျိုး မရှိပါဘူး။” ဟု ဦးကျော်ကျော်ဦးက ပြောသည်။

Horizon အသင်းသည် ပြီးခဲ့သည့် ၂၀၁၅ ဘောလုံးရာသီ၌ ဆောက်သမ်းမြန်မာအသင်းနှင့်အတူ လိဂ်-၁ သို့ တန်းတက်လာနိုင်ခဲ့ပြီး အသင်းသမိုင်းတလျောက် ပထမဆုံးအကြိမ် တန်းတက်နိုင်ခဲ့ခြင်း   ဖြစ်သည်။

Horizonအသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် အသင်းကို ပြင်ဆင်မှု အမြောက်အမြားပြုလုပ်ထားပြီး တူရကီနည်းပြသစ် ပါလာ အား ခေါ်ယူထားသည့်အပြင် နိုင်ငံခြားသားကစားသမားသစ် သုံးဦးနှင့် ပြည်တွင်းကစားသမား ရှစ်ဦးအထိ အားဖြည့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly