ကိုယ်စားလှယ်အဖွဲ့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တွေ့ရှိ၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ထိုင်းခရီးစဉ်ကို ဖျက်သိမ်း

ကိုယ်စားလှယ်အဖွဲ့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တွေ့ရှိ၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ထိုင်းခရီးစဉ်ကို ဖျက်သိမ်း
Photo - AFP

ဒီဇင်ဘာ ၁၆

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် ၎င်း၏ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း ထိုင်းသို့ သွားရောက်ပြီး ထိုင်းအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံမည့် အစီအစဉ်ကို ယမန်နေ့က ဖျက်သိမ်းခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ၎င်း၏ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ လိုက်ပါလာသည့် ဂျာနယ်လစ်တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဝန်ကြီး ဘလင်ကန်၏ ထိုင်းခရီးစဉ်ကို ဖျက်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် အင်ဒိုနီးရှားနှင့် မလေးရှား သို့ သွားရောက်ပြီးနောက် ယနေ့ ဒီဇင်ဘာ ၁၆ ရက်တွင် ဘန်ကောက်၌ ထိုင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် မူလက စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်း၏ အရှေ့တောင်အာရှ နိုင်ငံသုံးနိုင်ငံ၏ နောက်ဆုံးခရီးစဉ်အပိုင်းအဖြစ် ထိုင်းတွင် ထိုင်းတာဝန်ရှိသူများနှင့် တွေ့ဆုံမည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။

ယခုအခါတွင် ၎င်းအနေဖြင့် ဝါရှင်တန် ဒီစီကို ပြန်တော့မည် ဖြစ်ကြောင်းကို ဘလင်ကန်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းထံ အကြောင်းကြား ပြောဆိုထားခဲ့ပြီးဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ခရီးစဉ် အဖွဲ့တွင် ပါလာသည့် ဂျာနယ်လစ်တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်းကို ဒီဇင်ဘာ ၁၄ ရက် ညပိုင်း မလေးရှားသို့ ဆိုက်ရောက်စဉ် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ဘလင်ကန် နှင့် နီးကပ်စွာ ရှိနေသည့် အကြံပေးများ သို့မဟုတ် မီဒီယာအဖွဲ့ဝင်များတွင်မူ ဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း မရှိဟု စစ်ဆေးတွေ့ရှိထားကြောင်းလည်း ၎င်းက ပြောသည်။

အလားတူ ဗိုင်းရပ်စ် ကူးစက်ခံထားရသည့် ဂျာနယ်လစ်သည် ကွာလာလမ်ပူတွင် ဘလင်ကန်၏ စီစဉ်ထားသော သွားလာမှုများတွင် ပါဝင်ခဲ့ခြင်း မရှိဟု မလေးရှားရှိ အမေရိကန်သံရုံးက ထုတ်ပြန်သည်။

ထို ဂျာနယ်လစ်သည် ယခုအခါ ပြည်တွင်း စည်းမျဉ်းများနှင့်အညီ ကွာလာလမ်ပူတွင် သီးခြားခွဲကာ ရှိနေကြောင်း သိရသည်။

ယခုအခါ COVID-19 ကူးစက်မှု အန္တရာယ်ကို လျှော့ချရန်၊ အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏ ကျန်းမာရေးနှင့် ဘေးကင်းရေးကို ဦးစားပေးရန်၊ ၎င်းတို့နှင့် တွေ့ဆုံမည့် သူများ၏ ဘေးကင်းကျန်းမာရေးကို အလေးထားရန်အတွက် ယခုခရီးစဉ်ကို အဆုံးသတ်လိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များကို ပြောသည်။

ဘလင်ကန်၏ လေယာဉ်သည် ထိုင်းတွင် ခေတ္တမျှ ခရီးတထောက်နားမည် ဖြစ်သော်လည်း တရားဝင် တွေ့ဆုံဆွေးနွေးမှုများ ရှိမည်မဟုတ်ဘဲ အမေရိကန်သို့ ပြန်မည်ဖြစ်သည်။

၎င်းသည် မူလက ဝါရှင်တန်သို့ ပြန်ရာလမ်းတွင် ဟာဝိုင်အီသို့ ဝင်ရောက်ရန်လည်း စီစဉ်ထားခဲ့သေးသည်။

ဘလင်ကန်၏ အရှေ့တောင်အာရှ ခရီးစဉ်သည် ယခင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက် ရှုပ်ထွေးပြီး မတည်မငြိမ်ဖြစ်မှု၊ ကြိုတင်ခန့်မှန်းရခက်မှု အခြေအနေများဖြစ်ပြီးနောက် အာရှဒေသတွင် အမေရိကန်၏ သြဇာအရှိန်အဝါကို ပြန်လည်ထူထောင်ရန်နှင့် ပိုမိုပြီး မိမိကိုယ်ကိုယ် ယုံကြည်လွန်းကြောင်းပြနေသည့် တရုတ်ကို ရင်ဆိုင်ရန် ရည်ရွယ်လာရောက်ခဲ့ခြင်းဖြစ်သည်။

၎င်းသည် ခရီးစဉ်ကို ဂျကာတာသို့ ဝင်ရောက်ပြီး စတင်ခဲ့ပြီး ယင်းတွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် တွေ့ဆုံခဲ့ကာ ယင်းနောက် မလေးရှားသို့ ဆက်လက်သွားရောက်ခဲ့ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ တွေ့ဆုံကာ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required