မန္တလေး၊ မတ္တရာ ကားလမ်းနောက်ရှိ ဆိုင်ခန်းများ နှင့် လူနေအိမ်အချို့ကို ဖယ်ရှားရန် အကြောင်းကြား

မန္တလေး၊ မတ္တရာ ကားလမ်းနောက်ရှိ ဆိုင်ခန်းများ နှင့် လူနေအိမ်အချို့ကို ဖယ်ရှားရန် အကြောင်းကြား

မန္တလေး၊ ဇန်နဝါရီ ၄ ။          ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ မန္တလေးနှင့် မတ္တရာ ကားလမ်း အနောက်ဘက်ရှိ ဈေးဆိုင်ခန်းများနှင့် လူနေအိမ်တစ်ချို့ကို အောင်ချမ်းသာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ဇန်နဝါရီလ ၄ ရက်၊ နံနက် ၁၁ နာရီတွင် ဖယ်ရှားပေးရန် အကြောင်းကြားစာများ လိုက်လံပေးလျက်ရှိသည်။

အဆိုပါဈေးဆိုင်ခန်းများနှင့်လူနေအိမ်တစ်ချို့ကို ဇန်နဝါလ ၇ ရက်နေ့နောက်ဆုံးထားဖယ်ရှားပေးရမှာဖြစ်ပြီး ဖယ်ရှားခြင်းမရှိသူများကို အရးယူမှုများလုပ်ဆောင်သွားမည်ဟု အကြောင်းကြားစာပေးပို့ခံထားရသူ မခင်သန်းမြင့် ကပြောသည်။

"ကျွန်မတို့ကို ၇ ရက်နေ့ ဖျက်ပေးရမယ်ပြောတယ်။ ကြိုပြီးပြောတာလည်းမရှိဘူး။ အခု ၃ ရက်ပဲအချိန်ပေးတယ်။ ဖျက်မပေးရင် တရားစွဲမယ်လည်းပြောတယ်။ အကြောင်းကြားတဲ့စာထဲမှာတော့ အရေးယူမယ်မပါဘူး။ အုပ်ချုပ်ရေးမှူးက နှုတ်နဲ့ပြောတာပါ။ ကျွန်မတို့ ဒီမှာထမင်းဆိုင်လေးဖွင့်စားလာတာကြာပါပြီ။ လောလောဆယ်တော့ ဖျက်မပေးနိုင်သေးဘူး။" ဟု မခင်သန်းမြင့်ကပြောသည်။

အဆိုပါအကြောင်းကြားစာထဲတွင် လမ်းပခုံးသားမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အဦးများ တည်ဆောက်နေခြင်းကို တွေ့ရှိရပါသဖြင့် ဇန်နဝါရီလ ၄ ရက်မှ ၇ ရက် အတွင်းအပြီး ဖယ်ရှားပေးရန်တို့ပါရှိပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလက်မှတ်ထိုးဖြင့် အကြောင်းကြားခြင်းဖြစ်သည်။

ထူးရှယ်လက်ဘက်ရည်ဆိုင်ပိုင်ရှင် မကြည်ကြည်ဆွေကလည်း "မဖျက်သေးဘူး။ ဒီကဖျက်ပြီး ဘယ်နေရာဖွင့်ရမှာလဲ။ လမ်းနယ်နဲ့လည်းအဝေးကြီး၊ လမ်းနဲ့လည်းဝေးတယ်။ ဒီလိုသာဆိုင်တွေ ဖျက်ခိုင်နေရင် တစ်မြို့လုံးက ဆိုင်တွေဖျက်ပေးရုံပဲရှိတော့တယ်။ အခုခေတ်မှာ တဲတစ်လုံးအသစ်ပြန်ဆောက်ရင်တောင် မလွယ်ဘူး။ ကျွန်မတို့လိုအခြေကျနေတဲ့ဆိုင်မျိုးဆိုရင် ပိုတောင်မလွယ်ပါဘူး။ လမ်းတွေပိတ်တယ်။ လမ်းတွေပျက်တယ်ဆိုရင် ဖျက်ခိုင်းပါလက်ခံတယ်။ လမ်းပိတ်တာလည်းမရှိဘူး။" ဟု ပြောသည်။

အဆိုပါလမ်းဘေးတွင် တည်ဆောက်နေသူများသည် လယ်ပိုင်ရှင်များကို ခွင့်ပြုချက်တောင်းခဲ့သလို ကျေးရွာအုပ်ချုပ်ရေးမှူးထံတွင်လည်း အကြောင်းကြားမှုများပြုလုပ်ခဲ့သည်ဟု အကြောင်းကြားစာပေးပို့ခံထားရသူ ကိုမြင့်နိုင်ကဆိုသည်။

ဆိုင်ခန်းရှင် အချို့ကမူ ယခုနေရာကဖယ်ပေးရပါက အခြားတစ်နေရာတွင် အစား ပြန်လည်ပေးစေချင်သည်ဟုလည်း ဆိုကြသည်။

အကြောင်းကြားစာပေးပို့ခံထားရသူ ၂၀ ဦးကျော်ရှိနေပြီး တစ်ချို့မှာ ဆိုင်များဖျက်၍ ရွှေ့ပြောင်းနေပြီဖြစ်သည်။

အောင်ချမ်းသာကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က "သူတို့ဒီမှာဆောက်နေတာကြာပါပြီ။ အခုဟာက လမ်းပခုံးပေါ်တွေဆောက်နေလို့ ရှင်းလင်းဖို့လုပ်ရတာပါ။ ဒီဘက်ကစည်ကားလာနေပါပြီ။ နောက်ဆိုရှင်းဖို့ခက်သွားနိုင်ပါတယ်။ မြို့နယ်ကညွှန်ကြားလို့ပါ။ မြို့နယ်အဖွဲ့တွေလည်းပါပါတယ် "ဟု ပြောသည်။

အဆိုပါနေရာအနီးပတ်ဝန်းကျင်တွင် အကျဉ်းဦးစီးဌာန(အိုးဘို)နှင့် နည်းပညာတက္ကသိုလ်(မန္တလေး)တို့ ရှိသည့်အပြင် တိုင်းရင်းဆေးတက္ကသိုလ်နှင့်လည်း အလှမ်းမဝေးသောကြောင့် စည်ကားစပြုနေသည်ဟုလည်း   အောင်ချမ်းသာကျေးရွာတွင်နေထိုင်သူ ဦးအောင်ကျော်မိုးကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly