တာလီဘန်ဆန့်ကျင်ရေး ခေါင်းဆောင် အာမက် မာဆွတ်နှင့် Blackwater အဖွဲ့ အကြီးအကဲတို့ တာဂျစ်ကစ္စတန်၌ တွေ့ဆုံခဲ့ဟု ဆို

By Khaama
15 December 2021
တာလီဘန်ဆန့်ကျင်ရေး ခေါင်းဆောင် အာမက် မာဆွတ်နှင့် Blackwater အဖွဲ့ အကြီးအကဲတို့ တာဂျစ်ကစ္စတန်၌ တွေ့ဆုံခဲ့ဟု ဆို

တာလီဘန် ဆန့်ကျင်တော်လှန်ရေးတပ်ဦးဟု သိကြသည့် အဖွဲ့၏ ခေါင်းဆောင်ဖြစ်သလို လုပ်ကြံသတ်ဖြတ်ခံ တော်လှန်ရေးခေါင်းဆောင် အာမက် ရှား မာဆွတ်၏ သားလည်းဖြစ်သည့် အာမက် မာဆွတ်သည် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် ကြေးစားစစ်သားကုမ္ပဏီ Blackwater ၏ အကြီးအကဲ အီရစ်ခ် ပရင့်စ်နှင့် တာဂျစ်ကစ္စတန်နိုင်ငံ မြို့တော် ဒူရှန်ဘီ၌ တွေ့ဆုံခဲ့သည်ဟု သိရသည်။

သတင်းများက ၎င်းတို့ နှစ်ဦးတွေ့ဆုံမှုကိုသာ အတည်ပြုထားပြီး အခြား အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ခဲ့ခြင်း မရှိပေ။

Blackwater သည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပုဂ္ဂလိကလုံခြုံရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ယင်းသည် ပြည်ပရှိ အမေရိကန်သံတမန်မစ်ရှင်များနှင့် သံတမန်များကို ဘေးကင်းစေရေး ကာကွယ်ရန် ကန်ထရိုက်များ ရရှိခဲ့သည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။

အာမက် မာဆွတ်သည် ၎င်းဦးဆောင်သော တာလီဘန် ခုခံတော်လှန်ရေးတပ်ဦး အရေးနိမ့်ပြီး ၎င်းတို့ ထိန်းချုပ်ထားခဲ့သည့် ပန်ဂျ်ရှား ဒေသ တာလီဘန်တို့ လက်ထဲ ကျရောက်သွားခဲ့ပြီးနောက်တွင် အာဖဂန်နစ္စတန်ကနေ ထွက်ပြေးထားခဲ့ရသည်။

ကဘူးလ်၏ မြောက်ဘက်ရှိ ပန်ဂျ်ရှားတောင်ကြားဒေသသည် တာလီဘန်တို့ကို ဆန့်ကျင်သည့် ခုခံတော်လှန်ရေးတပ်ဦးဒေသအဖြစ် လူသိများပြီး ယင်းသည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက တာလီဘန်တို့၏ ငါးနှစ်တာ အုပ်ချုပ်ကာလအတွင်း ပြိုလဲခဲ့ခြင်း မရှိသည့် ဒေသလည်း ဖြစ်သည်။

ထို ဒေသတွင် အမေရိကန်နှင့် ရုရှားလုပ် အကြီးစားနှင့် အသေးစား လက်နက်ပစ္စည်း အမျိုးမျိုးဖြင့် အပြည့်အဝ ရှိနေခဲ့ပြီး ယခုအခါ ယင်းတို့ကို တာလီဘန်တို့ သိမ်းပိုက်သွားနိုင်ခဲ့ပြီး ကဘူးလ်သို့ ပြောင်းရွှေ့ပို့ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

တချိန်တည်းမှာပင် အာဖဂန်နစ္စတန်တွင် ဆိုဗီယက်- မူဂျာဟစ်ဒင် စစ်ပွဲအတွင်း လိုဏ်ဂူများအတွင်း ထားရှိသည့် လက်နက်ပစ္စည်းများတင် ကုန်တင်ကား ရာချီ ရှိနေဆဲဖြစ်သည် ဆိုသည့် အတည်မပြုနိုင်သည့် သတင်းများ ထွက်ပေါ်ထားခဲ့သည်။

အာမက် မာဆွတ်သည် အာဖဂန်နစ္စတန်တွင် တာလီဘန် သို့မဟုတ် ပက်ရှ်တွန် ဦးဆောင်သော မည်သည့်အစိုးရကိုမဆို ဆန့်ကျင်အတိုက်အခံပြုသည့် အခန်းကဏ္ဍကနေ ပါဝင်မည့် မြောက်ပိုင်း မဟာမိတ်အုပ်စုမှ ပါဝင်သူအသစ် ဖြစ်မည့်ပုံ ပေါ်သည်။

၎င်း၏ တော်လှန်ရေးတပ်ဦးသည် အမေရိကန်တွင် ရုံးခန်းတစ်ခန်း ဖွင့်ခွင့် ရရှိထားသည်ဟု သတင်းများထွက်ပေါ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required