အိန္ဒိယက ဒရုန်းဖျက် နည်းပညာကို တီထွင်နေပြီး မကြာမီအသုံးပြုသွားနိုင်မည်

အိန္ဒိယက ဒရုန်းဖျက် နည်းပညာကို တီထွင်နေပြီး မကြာမီအသုံးပြုသွားနိုင်မည်

နယ်စပ်နေရာများတွင် ဒရုန်းများ၏ ခြိမ်းခြောက်မှုကို ကာကွယ်နိုင်ရန် အိန္ဒိယက ဒရုန်းဖျက် နည်းပညာကို တီထွင်နေပြီး လုံခြုံရေးတပ်ဖွဲ့များတွင် မကြာမီအသုံးပြုသွားမည်ဟု ပြည်ထောင်စုပြည်ထဲရေးဝန်ကြီး အာမစ်ရှာဟာက ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားလိုက်သည်။

နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BSF) ထူထောင်သည့် ၅၇ နှစ်ပြည့်အခမ်းအနားတွင် ရှာဟာက ဝန်ကြီးချုပ်မိုဒီအစိုးရအတွက် နယ်စပ်လုံခြုံရေးသည် နိုင်ငံတော်လုံခြုံရေးဖြစ်ကြောင်းနှင့် ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်သည့် နယ်စပ်စောင့်ကြပ်ရေးနည်းပညာများအား BSF သို့ တပ်ဆင်ပေးသွားမည်ဟုလည်း ၎င်းက ပြောကြားသည်။

၁၉၆၅ ခုနှစ်တွင် ထူထောင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် BSF ၏ နှစ်ပတ်လည်အခမ်းအနားကို နယ်စပ်ဒေသတွင် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

“နိုင်ငံတစ်နိုင်ငံက လုံခြုံမှုရှိမှသာ ကြွယ်ဝပြီး တိုးတက်နိုင်ပါတယ်။ နိုင်ငံကို လုံခြုံအောင် ဆောင်ရွက်ကြပါ။ နယ်စပ်ကို လုံခြုံအောင် စောင့်ရှောက်ခြင်းဖြင့် နိုင်ငံကို လုံခြုံစေနိုင်ပြီး ကမ္ဘာ့အဆင့်အတန်းကို ရောက်ရှိဖို့ အခွင့်အရေးလည်း ဖြစ်စေနိုင်ပါတယ်” ဟု ရှာဟာက BSF အရာရှိများကို ပြောကြားခဲ့သည်။

ကမ္ဘာ့အကောင်းဆုံးနည်းပညာများကို BSF တွင် ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဟုလည်း ရှာဟာက ပြောကြားသည်။

“ဒါဟာ ကျွန်တော်တို့အစိုးရရဲ့ ကတိကဝတ်ဖြစ်ပါတယ်။ ဒရုန်းတွေရဲ့ အန္တရာယ်က ဆိုးရွားလာတယ်လို့ သိရပါတယ်။ ဒရုန်းဖျက် နည်းပညာကို BSF၊ DRDO နဲ့ NSG တို့က တီထွင်နေပါတယ်။ ပြည်တွင်းဖြစ် ဒရုန်းဖျက် နည်းပညာကို မကြာခင် တီထွင်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ရဲ့ သိပ္ပံပညာရှင်တွေကိုလည်း အပြည့်အဝယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly