တန့်ဆည်မြို့နယ်တွင် ကင်းလှည့်လာသည့် စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ ဟုဆို

တန့်ဆည်မြို့နယ်တွင် ကင်းလှည့်လာသည့် စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ ဟုဆို

ဒီဇင်ဘာလ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး ပွဲချင်းပြီးသေဆုံးကာ နှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က  ယနေ့ ဒီဇင်ဘာလ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

တန့်ဆည်မြို့ မြောက်ဘက် သုံးမိုင်ခန့်အကွာတွင် ရှိသည့် ကျွန်းတောကုန်းရွာ အနောက်တံတားဘက်မှ ဒေါင့်ကြီးကျေးရွာဘက်သို့ ခြေလျင်လှည့်ကင်းပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးကို ယနေ့  နေ့လယ် ၁၂ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

"စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတာကတော့ ကျိန်းသေပါတယ်ခင်ဗျ။ ဒီဘက်မှာကတော့ နေ့တိုင်းနီးပါးကို မိုင်းဆွဲနေတာ ။ PDF က အခွင့်အရေး ရရင် ရသလို ပြောက်ကျားတိုက်နေတာပဲ" ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

မိုင်းခွဲခံရမှုကြောင့် သေဆုံးဒဏ်ရာရသူများကို ဖလံချိုင်ရွာနေ ဒလန်တစ်ဦးက ကားဖြင့် လာရောက်သယ်ဆောင်သွားသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက် ညနေ ၆ နာရီ  မိနစ် ၃၀ ကလည်း တန့်ဆည်မြို့မှ ဘာကိုးဆည် ဘက်သို့သွားသည့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်ဆိုသူများ လိုက်ပါလာသည့် ကားအပြာရောင်ကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required