မြောင်မြို့နယ်တွင် ကျဆုံးသွားသည့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များအား ဂူသွင်းသင်္ဂြိုဟ်

မြောင်မြို့နယ်တွင် ကျဆုံးသွားသည့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များအား ဂူသွင်းသင်္ဂြိုဟ်

ဒီဇင်ဘာလ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ဒီဇင်ဘာလ ၁၁ ရက်က ရွှေလှံရွာတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး နှင့် ဒီဇင်ဘာလ ၁၃ရက် နံနက်က ခေါင်းခွဲရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ် မီးရှို့သွားခဲ့သည့် ခေါင်းခွဲပြည်သူ့ကာကွယ်ရေးအဖွဲ့ (မိုင်းအဖွဲ့)ဝင် လေးဦးကို ယမန်နေ့ ဒီဇင်ဘာလ ၁၄ရက် ဂူသွင်းသင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။ 

"မနေ့ကအုတ်ဂူသွင်းခဲ့တယ်။ ဆွမ်းသွတ် ရေစက်ချတယ်။ ရက်လည်က နောက်နှစ်ရက်နေရင် လုပ်ရမှာ၊ ရက်လည်ကတော့ စစ်ဘေးရှောင်နေရတဲ့အပေါ်မှာ မူတည်မယ်" ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM)အဖွဲ့ တာဝန်ရှိသူက ပြောသည်။ ကျဆုံးသူများအား ဒီဇင်ဘာလ ၁၃ရက်တွင် မီးသင်္ဂြိုဟ်၍ ဒီဇင်ဘာလ ၁၄ရက်တွင် ဂူသွင်းမြုပ်နှံခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ကျဆုံးသွားသည့် ခေါင်းခွဲပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် ပတ်သက်၍ "ပြောစရာစကားတောင် မရှိဘူး။ ရက်စက်လွန်းလို့၊ သတ်ပြီး မီးတင်ရှို့တာ ရုပ်ပျက်အောင်လုပ်သွားတာ။ သူတို့က ကင်းပုန်းစောင့်ပြီး ကိုက်၁၀၀ အတွင်း အနီးကပ်ပစ်ခံရတာ။ အဲ့နေ့က စစ်ကောင်စီကို ကြိုဆိုဖို့ မိုင်းပဒေသာပြင်ဆင်ထားတာ၊ ကြိုဆိုရေးအချိန် ရောက်၊ မရောက်သွားကြည့်တဲ့ ခေါင်းခွဲကျေးရွာ မိုင်းအဖွဲ့က မမျှော်လင့်ထားဘဲ စစ်ဗျူဟာနဲ့ ချောင်းမြောင်း တိုက်ခိုက်ခြင်း ခံခဲ့ရတယ်။ မိုင်းအဖွဲ့စစ်ဆေးပြီး လှည့်အထွက်မှာ "ဟေ့ကောင်တွေ " လို့အော်ပြီး အနီးကပ် စက်သေနတ် တရစပ်ပစ်တယ် ။ ပြီးတော့ အလောင်းကို မီးရှို့သွားတယ်" ဟု CDSOM အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြာသည်။

ရွှေလှံတိုက်ပွဲတွင် ကျဆုံးခဲ့သူများမှာ ရဲဘော် အောင်မိုး(ခ) ဖိုးချစ် (အသက် ၄၃  နှစ်)၊ ရဲဘော် စည်သူအောင် ( အသက် ၁၇ နှစ်)၊ ရဲဘော် အောင်မြင့်မြတ် (အသက် ၁၈ နှစ်) တို့ ဖြစ်သည်။ 

ကျဆုံးသွားသည့် ခေါင်းခွဲပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များမှာ အဖွဲ့ ခေါင်းဆောင် ရဲဘော် မိုးမင်းဦး  (အသက် ၂၈ နှစ်)၊ ရဲဘော် ထက်အောင် (အသက် ၂၅ နှစ်) ၊ ရဲဘော် ချမ်းမြေ့စည်သူ (ခ) ဖိုးသား ( အသက် ၂၈နှစ် ) နှင့် ရဲဘော် အောင်ကျော်ဇော (အသက် ၃၆ နှစ်) တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required