တရုတ်ကိုကြည့်လျက် အမေရိကန်က အိန္ဒိယဆိုလာပြားစက်ရုံအတွက် ငွေကြေးထောက်ပံ့

တရုတ်ကိုကြည့်လျက် အမေရိကန်က အိန္ဒိယဆိုလာပြားစက်ရုံအတွက် ငွေကြေးထောက်ပံ့

အိန္ဒိယနိုင်ငံ တမီးလ်နာဒူရှိ ဆိုလာပြားထုတ်လုပ်ရေးစက်ရုံကို ပံ့ပိုးပေးမည့် အကြီးဆုံး အမေရိကန်ဆိုလာပြားထုတ်လုပ်ရေး ကုမ္ပဏီအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အကြွေးချပေးမည်ဖြစ်ကြောင်း အမေရိကန်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီတစ်ခုက ကြေညာလိုက်သည်။

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဘဏ္ဍာရေးဆိုင်ရာကော်ပိုရေးရှင်း ခေါ် DFC သည် ဆိုလာလုပ်ငန်း၏ ထောက်ပံ့ရေးကွင်းဆက်တွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို တန်ပြန်ရန် ကြိုးပမ်းမှုအဖြစ် အိန္ဒိယနိုင်ငံတွင် ဆိုလာပြားစက်ရုံတစ်ရုံ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထုတ်ချေးမည်ဟု Wall Street Journal (WSJ) က ဖော်ပြခဲ့သည်။ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အိန္ဒိယနှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိစေရေး အလေးထားရန် အမေရိကန်က ရှေးရှုကြောင်း သတင်း၌ဖော်ပြထားသည်။

"DFC (ဖွံ့ဖြိုးတိုးတက်ရေးဘဏ္ဍာရေးကော်ပိုရေးရှင်း) သည် အိန္ဒိယနိုင်ငံတွင် First Solar ကုမ္ပဏီ၏ အကျိုးတူပူးပေါင်းဆောင်ရွက်မှုအသစ်ကို ပံ့ပိုးပေးနိုင်သည့် အနေအထားတွင်ရှိသဖြင့် ပီတိဖြစ်ရကြောင်းနှင့် ၎င်းက အဓိကမဟာမိတ်နိုင်ငံတစ်ခုအတွက် ဆိုလာပြားထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ပေးကာ အမေရိကန်စံတန်ဖိုးများနှင့် ကိုက်ညီသည့် ပိုမိုကောင်းမွန်သော စံချိန်စံညွှန်းများရယူရန် စက်မှုလုပ်ငန်းကို လှုံ့ဆော်ကူညီပေးလိမ့်မည်" ဟု DFC ၏ ယာယီအမှုဆောင်အရာရှိချုပ် ဒက်ဂျာဂါဒက်ဆန် က ပြောသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့ထုတ်လုပ်မှု အများစုကို ရယူထားလျက် လက်ရှိတွင် ဆိုလာပြားများ ထုတ်လုပ်မှုကို ထိန်းချုပ်ထားသည်ဟု ခန့်မှန်းရသည်။ ယခုကဲ့သို့ လွှမ်းမိုးမှုသည် နေရောင်ခြည်စွမ်းအင်အသုံးပြုမှုကို တိုးမြှင့်ရန် ကြိုးပမ်းနေသည့် အမေရိကန်နှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများကို နှောက်ယှက်နေသည်ဟု WSJ က ဆိုသည်။

DFC က အဆိုပြုထားသော ဘဏ္ဍာငွေသည် ပြည်တွင်းပြည်ပ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် အမေရိကန်၏ ကတိကဝတ်ကို မြှင့်တင်ပေးသလို အိန္ဒိယအစိုးရ မျှော်လင့်ထားသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ရည်မှန်းချက်များကို အထောက့်အပံ့ပေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ဝန်ကြီးချုပ် မိုဒီသည် အိန္ဒိယနိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲဓာတ်အားထုတ်လုပ်မှု ၅၀၀ ဂဂ္ဂါဝပ် တပ်ဆင်ရေး ပြီးပြည့်စုံသောကြိုးပမ်းအားထုတ်မှုကို စတင်လိုက်ပြီး မြို့ကြီးများတွင် လေထုညစ်ညမ်းမှုကို လျှော့ချကာ ရာသီဥတုအကျပ်အတည်းကို တုံ့ပြန်ရာတွင် ပါဝင်ခြင်းဖြင့် လူမှုဘဝများကို ကူညိကယ်တင်နိုင်လိမ့်မည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly