လေးကေကော်တိုက်ပွဲကြောင့် အရပ်သား ၄၀၀ ခန့် တိမ်းရှောင်နေရ

လေးကေကော်တိုက်ပွဲကြောင့် အရပ်သား ၄၀၀ ခန့် တိမ်းရှောင်နေရ
ဓာတ်ပုံ- Aye Aye Mar Facebook

ဒီဇင်ဘာလ ၁၅ ရက်

မြဝတီမြို့နယ်အတွင်းက ငြိမ်းချမ်းရေးမြို့သစ် လေးကေကော်တွင် တိုက်ပွဲ စတင်ဖြစ်ပွားလာသည့်အတွက် ပြည်သူ ၄၀၀ ခန့် နီးစပ်ရာ ကျေးရွာများသို့ စစ်ဘေးရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ (ယနေ့) တွင် စစ်ကောင်စီတပ်က လေးကေ့ကော်မြို့သစ်ထဲသို့ ဝင်လာရာမှ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရကြရခြင်း ဖြစ်သည်။

“ပြည်သူတွေကတော့ နည်းနည်းရှောင် ပြေးနေရတာပေါ့ အခုလောလောဆယ်။ ၄၀၀ လောက်ရှိတယ်။ တခြား ရွာဘေးနားမှာပေါ့။ တကလူးတို့ လယ်ဝါးခီးတို့ အဲဖက် ရှောင်နေရတယ်” ဟု လေးကေကော် မြို့သစ်ရတွင် နေထိုင်သည့် အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများမှာ လေးကေကော်မြို့ အနီးတဝိုက်ရှိ တကလူး၊ လယ်ဝါးခီး စသည့်ကျေးရွာများသို့ စစ်ဘေးရှောင် နေကြရသည်ဟု ဆိုသည်။

တိုက်ပွဲစတင်ဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်၍ အဆိုပါဒေသခံက ယခုကဲ့သို့ ဆက်ပြောသည်။

“သူ(စစ်ကောင်စီတပ်) မြို့ထဲဝင်လာပြီ သူတို့ လက်နက်ကြီး ကုန်းကဆင်းလာပြီးတော့ လေးကေကော်မြို့ ထဲ ဝင်တာကိုး။ အဲလိုမျိုးဝင်တော့ ရပ်ကွက် ၃ ရပ်ကွက် ၆ မှာ စဖြစ်တယ်။ ၁၀ နာရီဝန်းကျင် ၁၀ နာရီခွဲ လောက် ဖြစ်မယ်။ လက်ရှိ အခြေအနေကတော့ လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ကြတာပေါ့။ အခုတော့ ဆက်ဖြစ်တုန်းပေါ့။” ဟု ယနေ့ နံနက်ပိုင်းတွင် ဖြေကြားသည်။

ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်မှစတင်၍ မွန်းလွဲပိုင်းအထိ နှစ်ဖက်ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖက်က လေးကေကော်မြို့သစ် ရပ်ကွက် ၃ နှင့် ရပ်ကွက် ၆ ထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု မြို့ခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီဖက်မှ လေးကေကော်မြို့သစ်ဖက်သို့ စစ်အင်အား ဖြည့်တင်းမှုများ ရှိနေသည့်အတွက် တိုက်ပွဲများမှာ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနိုင်သည့် အခြေအနေအောက်တွင် ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ (ယမန်နေ့) က စစ်ကောင်စီတပ်ဖွဲ့က လေးကေကော်မြို့သစ်ထဲသို့ ဝင်ရောက် စစ်ဆေးမှုများ လုပ်ဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအဝင် လူဦးရေ ၂၃ဦးကို ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု သိရသည်။

ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဒီဇင်ဘာလ ၁၅ ရက်နေ့(ယနေ့) တွင် စစ်ကောင်စီတပ်များ လေးကေ ကော်မြို့သစ်ထဲသို့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF များ ကို ဝင်ရောက်ရှာဖွေသည်ဟု ဆိုကာ ထပ်မံဝင်ရောက်လာရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“စစ်ကောင်စီကလည်း သူတို့ PDF ရှိလို့ ယူဆလို့ သူတို့ လာပြီးတော့ ဝင်ပြီးတော့ စစ်ဆေးမှုတွေ လုပ်တာကိုး တစ်ဖက်ကလည်း KNU ရဲ့ ထိန်းချုပ်နယ်မြေလို့ ပြောလို့ရတယ်လေ။ ဆိုတော့ တစ်ဖက်ကလည်း လက်နက်ကိုင် တာဆိုတော့လည်း ဒီလိုခဏခဏ ဝင်စစ်တော့လည်း အခြေအနေက တင်းမာသလို ဖြစ်သွားတာပေါ့။ တင်းမာတော့ အခုတော့ ပစ်ခတ်မှုတော့ ဖြစ်သွားတာပေါ့။” 

လေးကေကော်မြို့သစ်တွင် အုန်းဖြန်၊ နို့ဖိုး၊ မယ်လအစရှိသည့် ဒုက္ခသည်စခန်းများက ဒုက္ခသည်များ၊ ဖလူးဒေသ အတွင်းက IDPs (ရွှေ့ပြောင်းနေထိုင်သူများ)၊ ကရင်တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အသီးသီးက တပ်ရင်းတပ်ဖွဲ့ဝင်များ၏ မိသားစုများနှင့် ထိုင်းနိုင်ငံ ဖုဖရမြို့နှင့် မဲဆောက်မြို့ အတွင်းက ရွှေ့ပြောင်းအလုပ်သမား မိသားစုများ နေထိုင်ကြခြင်း ဖြစ်သည်။

လေးကေကော်မြို့သစ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် သမ္မတဦးသိန်းစိန် အစိုးရတို့အကြား ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ရေး ထိုးပြီးနောက်တွင် ဖြစ်ပေါ်လာသည့် စီမံကိန်းဖြစ်ပြီး အစိုးရနှင့် ဂျပန်နိုင်ငံက နီပွန်ဖောင်ဒေးရှင်းတို့၏ ထောက်ပံ့မှုများနှင့် တည်ဆောက်ထားသည့် မြို့တစ်မြို့ ဖြစ်သည်။

အဆိုပါ မြို့သစ်သည် ထိုင်းဘက်အခြမ်းရှိ စစ်ဘေးရှောင်စခန်းများတွင် နှစ်ရှည်ခိုလှုံနေကြသည့် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် တည်ထားသည့် မြို့သစ် စီမံကိန်းဖြစ်ပြီး အိမ်ထောင်စု ၇၈၆ စုရှိကာ လူဦးရေ ၃၀၀၀ ကျော် ရှိသည်ဟု စခန်းတာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။
ဓာတ်ပုံ- Aye Aye Mar Facebook

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required