တောင်ကုတ် လူငယ်ကွန်ရက် ဥက္ကဌ ဖမ်းဆီးခံရ

တောင်ကုတ် လူငယ်ကွန်ရက် ဥက္ကဌ ဖမ်းဆီးခံရ

ဒီဇင်ဘာလ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နေ တောင်ကုတ် လူငယ်ကွန်ရက် ဥက္ကဌ ကိုမင်းကိုဦး သည် PDF များအား ငွေကြေးထောက်ပံ့သည် ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံလိုက်ရကြောင်း ၎င်း၏ဖခင်က ပြောသည်။ 

၎င်းနေအိမ်တွင် ရှိနေစဉ် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်က အရပ်ဝတ် ရဲများလာရောက် ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဖခင်ဖြစ်သူ ဦးခင်မောင်စိန်က ပြောသည်။

"မနက် ၉ နာရီမှာ အရပ်ဝတ် ဝတ်ထားတဲ့ ရဲသားများက အိမ်ကိုလာကြတယ်။ ကိုမင်းကိုဦး မရှိဘူးလား မေးတယ်။ သူတို့က ကိုမင်းကိုဦးကို စခန်းမှူးက ခေါ်ခိုင်းလိုက်တယ်လို့ ပြောတယ်။ ခဏလောက် လိုက်ခဲ့ပါလို့ပြောတယ်။ သူတို့ခေါ်သွားပြီးတော့ အချုပ်ထဲမှာ ချုပ်ထားလိုက်တယ်။ PDF ကိုငွေထောက်ပံ့လို့ ဖမ်းသွားတာလို့ ပြောတယ်’’ ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူ ကိုမင်းကိုဦး သည် ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်ပြီး ပညာသင်ရန် အခက်အခဲရှိသည့် ကလေးများကို စာသင်ပေးနေသူ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် အလှူငွေများ ကောက်ခံပြီး ထောက်ပံ့ပေးနေသူလည်း ဖြစ်ကြောင်း ၎င်း၏ သူငယ်ချင်းတစ်ဦးက ပြောသည်။

"သူ့အကြောင်းကို ကျနော်တို့က အသိဆုံးပါ၊ သူက ပရဟိတသမား တစ်ယောက်ပါ။ တောက်ကုတ်မြို့ လူငယ်ကွန်ရက်မှာ ဥက္ကဌတစ်ဦး ဖြစ်တယ်။ သူနဲ့အတူ စစ်ဘေးရှောင်တွေ ကူညီဖို့ ထွေအုပ်က ထောက်ခံချက်တွေတောင် အတူတူ တောင်းခဲ့သေးတယ်။ သူက နယ်တွေက စာမသင်နိုင်တဲ့ ကလေးတွေကို လိုက်ပြီးတော့ စာသင်ပေးနေတာ၊ ပရဟိကိုပဲ လုပ်နေတာ။ တခြားအဖွဲ့တွေနဲ ပတ်သက်တာတွေလည်း မရှိဘူး။ သူ့ကို စစ်ဆေးတဲ့အခါ တစ်ခုခုဖြစ်သွားမှာလည်း စိုးရိမ်တယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ကိုမင်းကိုဦး အား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) ဖြင့် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ရှေ့နေတစ်ဦးက ပြောသည်။ 

"အဖေတစ်ယောက် အနေနဲ့ အရမ်းစိတ်ပူတာပေါ့၊ အရမ်းလည်း ခံစားရတယ်၊ ဒီနေ့ ထမင်းတောင် မစားနိုင်ဘူး။ မဆီမဆိုင် ပုဒ်မတွေနဲ့ မတော်မတရား ဖမ်းဆီးတာပါ” ဟု ဖခင်ဖြစ်သူ ဦးခင်မောင်စိန်က ပြောသည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ လှုပ်ရှားမှု နည်းပါးလှသည့် ရခိုင်ပြည်နယ်အတွင်း PDF နှင့် ဆက်စပ်သည်ဟု ဆိုကာ ဖမ်းဆီးခံရသူ ရှစ်ဦးအထိ ရှိနေပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required