အိုမီခရွန် မျိုးကွဲက မကြုံစဖူးနှုန်းနဲ့ ကူးစက်ပျံ့နှံ့နေဟု WHO သတိပေး

အိုမီခရွန် မျိုးကွဲက မကြုံစဖူးနှုန်းနဲ့ ကူးစက်ပျံ့နှံ့နေဟု WHO သတိပေး

ဒီဇင်ဘာ ၁၅

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် အိုမီခရွန်ဟာ မကြုံစဖူးသော နှုန်းတစ်ခုနဲ့ ကူးစက်ပျံ့နှံ့နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၁၄ ရက်မှာ ပြောဆိုခဲ့ပါတယ်။ တစ်ဆက်တည်းမှာလည်းပဲ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဒီဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုကို ထိန်းချုပ်ဖို့နဲ့ ကျန်းမာရေးစနစ်တွေကို ကာကွယ်ဖို့အတွက် မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြဖို့ကိုလည်း WHO က တိုက်တွန်းခဲ့ပါတယ်။

သန္ဓေပြောင်းမှု အများအပြားရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို ပြီးခဲ့တဲ့လက တောင်အာဖရိကမှာ ပထမဆုံး တွေ့ရှိပြီးနောက် ယခုအခါ ယင်းဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုကို နိုင်ငံပေါင်း ၇၇ နိုင်ငံမှာ တွေ့ရှိထားပြီးဖြစ်တယ်လို့ WHO အကြီးအကဲ တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယီဆက်က သတင်းထောက်တွေကို ပြောပါတယ်။

"ဒါပေမယ့် တကယ်တမ်းမှာက ဒီ အိုမီခရွန် မျိုးကွဲက နိုင်ငံအများစုမှာ ရှိနေကောင်း ရှိနေနိုင်ပါတယ်၊ ခုထက်ထိ စစ်ဆေးမတွေ့သေးဘူးဆိုရင်တောင်မှ ဒါက နိုင်ငံအများစုမှာ ရှိနေတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဒီ အိုမီခရွန်က ကျွန်တော်တို့ အရင် မျိုးကွဲတွေနဲ့တုန်းက တခါမှ မမြင်တွေ့ထားဖူးတဲ့ နှုန်းတစ်ခုနဲ့ ကူးစက်ပျံ့နှံ့နေပါတယ်" လို့ WHO အကြီးအကဲက ပြောသွားခဲ့ပါတယ်။

အလားတူ WHO ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ အက်ဘ်ဒီ မာဟာမက်ဒ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ရာမှာ ပဉ္စမမြောက် ပြင်းထန်တဲ့ ကပ်ရောဂါလှိုင်းတစ်ခုကို ရင်ဆိုင်နေရပြီးဖြစ်တဲ့ ဥရောပဒေသ နိုင်ငံတချို့မှာ ရက်ပိုင်းအတွင်းမှာပဲ ဒီ အိုမီခရွန် မျိုးကွဲက အဓိက ရင်ဆိုင်ရမယ့် မျိုးကွဲဖြစ်လာနိုင်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
ဒီ မျိုးကွဲသစ်ဟာ ယခင် မျိုးကွဲတွေနဲ့ ယှဉ်ရင် ကာကွယ်ဆေး အကာအကွယ်တွေကို ပိုမို ရှောင်ကွင်းသွားကောင်းသွားနိုင်တယ် ဆိုပြီး အထောက်အထားတွေက ပြသနေချိန်မှာ ခုလို သတိပေးမှုတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

Pfizer က အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ လေ့လာချက်တစ်ခုအရ ယင်းရဲ့ COVID-19 ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုက အိုမီခရွန်ကြောင့် ပြင်းထန်ရောဂါဖြစ်ပွားမှုကနေ ၇၀ ရာခိုင်နှုန်းခန့် အကာအကွယ်ပေးနိုင်တယ်လို့ ပြသနေခဲ့ပြီး ဒါဟာ အစောပိုင်းမျိုးကွဲတွေနဲ့ပတ်သက်လို့ ၉၃ ရာခိုင်နှုန်း အကာအကွယ်ပေးနိုင်တယ်ဆိုတာနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။
တချိန်တည်းမှာလည်းပဲ ဒေတာအချက်အလက်တွေအရ ဒီ မျိုးကွဲသစ်ဟာ ပိုမို မပြင်းထန်၊ ပျော့ပြောင်းတဲ့ လက္ခဏာတွေကို ဖြစ်ကောင်းဖြစ်စေနိုင်တယ်လို့ ပြသနေခဲ့ပါတယ်။

ဒါပေမယ့်လည်း WHO ကျွမ်းကျင်ပညာရှင် ဘရုစ် အိုင်လ်ဝါ့ဒ်က  ဒါနဲ့ပတ်သက်လို့ သတိပေးပြောဆိုမှု လုပ်သွားခဲ့ပါတယ်။ "ကျွန်တော်တို့ဟာ ခုချိန်မှာ လူတွေအများကြီး အတူတကွ ရှိချင်ကြတဲ့ အားလပ်ရက်ရာသီတစ်ခုကို ဖြတ်သန်းရဖို့ ရှိနေပါတယ်၊ ဒီအချိန်မှာ ကျွန်တော်တို့မှာ ပိုမို ကူးစက်ပျံ့နှံ့နိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးနဲ့ ကြုံနေရပါတယ်၊ ဒီဗိုင်းရပ်စ်မျိုးကွဲက အရင်မျိုးကွဲတွေလောက် မပြင်းထန်ဘူးလားဆိုတာကို သေချာသိရှိတာလည်း မဟုတ်သေးတာကြောင့် ဒီလိုမျိုး အားလပ်ရက်ရာသီကာလမျိုးနဲ့ပတ်သက်လို့ သတိရှိသင့်ပါတယ်၊ မဟုတ်ရင်တော့ ကျွန်တော်တို့ဟာ အင်မတန် အန္တရာယ်များတဲ့ အခြေအနေတစ်ခုထဲ ကိုယ်တိုင် ကျရောက်သွားတာမျိုး ဖြစ်သွားနိုင်ပါတယ်" လို့ ၎င်းက သတိပေးသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required