အီရန်နျူကလီးယား စီမံကိန်းကို ‘သတိကြီးစွာ’ ချည်းကပ်ရန် ဆော်ဒီ တိုက်တွန်း

အီရန်နျူကလီးယား စီမံကိန်းကို ‘သတိကြီးစွာ’ ချည်းကပ်ရန် ဆော်ဒီ တိုက်တွန်း
Photo - AFP

ဒီဇင်ဘာလ ၁၅ ရက်

အီရန်နိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ နျူကလီးယားစီမံကိန်းကို ‘ထိရောက်ပြီး သတိမပြတ်စွာ’ ချည်းကပ်ကြရန် ရီယက်ဒ်မြို့မှာ အင်္ဂါနေ့က ကျင်းပတဲ့ ပင်လယ်ကွေ့အစည်းအဝေးတစ်ရပ်မှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆာလမန်က တိုက်တွန်းပြောဆိုပါတယ်။ 

ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ဘာရိန်း၊ ကူဝိတ်၊ အိုမန်နဲ့ ကာတာတို့ အတူတကွပါဝင်တဲ့ ပင်လယ်ကွေ့ ကော်ပိုရေးရှင်း ကောင်စီ GCC အစည်းအဝေးမှာ အာဏာပြည့်ဝတဲ့ အိမ်ရှေ့မင်းသား ဘင်ဆာလမန်က ကိုယ်စားပြုတက်ရောက်တာပဲ ဖြစ်ပါတယ်။ 

သူ့ရဲ့ အသက် ၈၅ အရွယ် ဖခင်ဖြစ်သူ ဆော်ဒီဘုရင် ဆာလမန် မတက်ရောက်တာနဲ့ ပတ်သက်လို့ ဆော်ဒီအာဏာပိုင်တွေ ရှင်းလင်းပြောဆိုတာ မရှိပါ။ 

“အီရန်ရဲ့ နျူကလီးယားနဲ့ ပဲထိန်းဒုံးကျည်စီမံကိန်းကို ထိရောက်ပြီး သတိထားရင်း ချည်းကပ်သွားဖို့က အရေးကြီးပါတယ်”လို့ အိမ်ရှေ့မင်းသားက ထိပ်သီးအစည်းအဝေးမှာ ပြောပါတယ်။ 

အီရန်နိုင်ငံဟာ နျူကလီးယား ပြဿနာကို ဖန်တီးနေပြီး ပဲ့ထိန်းဒုံးကျည်နဲ့ ဒရုန်းတွေနဲ့အတူ အရှေ့အလယ်ပိုင်းကို မတည်ငြိမ်အောင် လုပ်ဆောင်နေတယ်လို့ အမေရိကန်နဲ့ GCC နိုင်ငံတွေက ပြီးခဲ့တဲ့ လအတွင်း စွပ်စွဲပြောဆိုထားပါတယ်။ 

အီရန်အာဏာပိုင်တွေအနေနဲ့ အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို ပြန်လည်အသက်သွင်းရေး ဗီယင်နာက ဆွေးနွေးပွဲတွေ ပြန်စခြင်းကနေ ‘သံတမန်ရေး အခွင့်အလမ်း’ကို လက်လွတ်မခံသင့်ဘူးလို့ ၎င်းတို့က ပြောကြပါတယ်။ 

အဆိုပါ အီရန်နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၂၀၁၈ မှာ အမေရိကန်ကို နုတ်ထွက်စေခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် သဘောတူညီချက်အရ ရုပ်သိမ်းထားတဲ့ အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်လည်ချမှတ်လာခဲ့တာ ဖြစ်ပါတယ်။ 

အီရန်ကလည်း အတုံ့အလှည့်အနေနဲ့ သဘောတူညီချက်ပါ လိုက်နာရမယ့် ကတိကဝတ်တွေကို လျှော့ချလာနေခဲ့ပါတယ်။ 

အဲဒီ သဘောတူညီချက် ပြန်လည်အသက်သွင်းရေးအတွက် ကျင်းပတဲ့ ဆွေးနွေးပွဲတွေ ငါးလကြာ ရပ်တန့်နေတဲ့နောက် နိုဝင်ဘာ ၂၉ ရက်မှာ ဆွေးနွေးပွဲတွေ ပြန်စပေမယ့် အပေးအယူ မမျှဘဲ ရှိနေဆဲ အနေအထားနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required