NUG နှင့် CRPH တို့ကို တားဆီးပေးရန် သဘောဆောင်သည့် စစ်ခေါင်းဆောင် ထုတ်ပြောမှု ‘၎င်း၏ ရှုံးနိမ့်မှုကို ပြသနေခြင်း’ ဟု ရှေ့နေများ သုံးသပ်

NUG နှင့် CRPH တို့ကို တားဆီးပေးရန် သဘောဆောင်သည့် စစ်ခေါင်းဆောင် ထုတ်ပြောမှု ‘၎င်း၏ ရှုံးနိမ့်မှုကို ပြသနေခြင်း’ ဟု ရှေ့နေများ သုံးသပ်

ဒီဇင်ဘာလ ၁၄ ရက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH ) တို့အပေါ် တားဆီးပေးရန် သဘောဆောင်သည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မိန့်ခွန်းပြောဆိုမှုသည် ‘၎င်း၏ ရှုံးနိမ့်မှုကို ပြသနေခြင်းဖြစ်သည်’ ဟု တရားလွှတ်တော်ရှေ့နေများက သုံးသပ်ပြောဆိုသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ၎င်းတို့၏ရှေ့နေများဖြင့် တွေ့ဆုံခွင့်ပေးထား၍ လက်ရှိနိုင်ငံရေးဖြစ်စဉ်များကို သိရှိမည်ဖြစ်ကြောင်း၊ NUG နှင့် CRPH တို့နှင့် ပတ်သက်၍ ရှေ့နေများမှတစ်ဆင့် မှတ်ချက်များပေးခွင့်ရှိကြောင်း စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက် မွန်းလွဲပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ပြောကြားခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးက ထုတ်ပြန်သည်။

“မျိုးစပါးတွေ ကြဲချသလို တိုက်ပွဲတွေက နေရာအနှံ့ဖြစ်နေတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က CRPH၊ NUG တို့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ကန့်ကွက်တာဖြစ်ဖြစ် တစ်စုံတစ်ခုများ ပြောလိုက်ရင်ဖြင့် ဒီတိုက်ပွဲတွေက ငြိမ်များ ငြိမ်သွားမလားလို့ ဒီလိုစကားထုတ်လာတယ်လို့ မြင်တယ်။ သူတို့အတွက် အခြေအနေ မလှတော့ဘူး။ တိုက်ပွဲ တွေက နေရာအနှံ့ဖြစ်နေတဲ့ အကျပ်ဆိုက်တဲ့ အခြေအနေရောက်နေတဲ့အခါ ရှေ့ပြေးတရားလေးများ ဟောပေးမလားလို့ မျှော်လင့်ချက်နဲ့ ထုတ်ပြောတယ်လို့ ယူဆတယ်” ဟု အမည်မဖော်လိုသော တရားလွှတ်တော်ရှေ့နေ တစ်ဦးက သုံးသပ်သည်။

အာဏာသိမ်း စစ်ကောင်စီသည် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့ကို အမှုအခြေအနေများနှင့် ပတ်သက်၍ မီဒီယာများတွင် ထုတ်ဖော်ပြောဆိုခြင်း မပြုရန် ပုဒ်မ ၁၄၄ အမိန့်ထုတ် ကန့်သတ်ပိတ်ပင်ပြီးနောက် စစ်ခေါင်းဆောင်က ထိုသို့ပြောကြားလာခြင်း ဖြစ်သည်။

ယင်းအပြင် အာဏာသိမ်းစစ်ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံရေးအရ ထောင်ချောက်ဆင် တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်းလည်း ရှေ့နေတစ်ဦးက သုံးသပ်ပြောဆိုသည်။

“ကမ္ဘာကျော်ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြီးက ဒါနဲ့ပတ်သက်လို့ ပေးလိုက်တဲ့မှတ်ချက်တစ်ခု၊ ပြည်သူလူထုနဲ့တကွ ရပ်တည်ကြောင်းပြောလိုက်လို့ ငြိမ်းချမ်းရေးဆုရှင်ကြီးက ဒီလိုပြောပါတယ် ဆိုပြီးတော့ ပြစ်တင်ပုံချလိုတဲ့ အမှားကောက်လိုတဲ့ ပုံစံနဲ့ ထောင်ချောက်ဆင်တဲ့ စကားမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ရင်ဆိုင်နေရသည့် အမှုများအနက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အမှုအတွက် ထောင်ဒဏ် နှစ်နှစ်စီနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ် နှစ်နှစ်စီ စုစုပေါင်း တစ်ဦးလျှင် ထောင်ဒဏ် လေးနှစ်စီ အမိန့်ချမှတ်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ရှည်ထောင်ဒဏ်များချမှတ်နိုင်သည့် စုစုပေါင်း အမှု ၁၂ ခုဖြင့် တရားရင်ဆိုင်နေရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required