အင်းစိန်ထောင်တွင်း အသံတိတ်သပိတ်တွင် ပါဝင်သည့် နိုင်ငံရေး အကျဉ်းသား ၈၉ ဦး ပြင်းပြင်းထန်ထန် ရိုက်နှက်နှိပ်စက်ခံနေရဟု ဗကသ ထုတ်ပြန်

အင်းစိန်ထောင်တွင်း အသံတိတ်သပိတ်တွင် ပါဝင်သည့် နိုင်ငံရေး အကျဉ်းသား ၈၉ ဦး ပြင်းပြင်းထန်ထန် ရိုက်နှက်နှိပ်စက်ခံနေရဟု ဗကသ ထုတ်ပြန်

ဒီဇင်ဘာလ ၁၄ ရက်

အင်းစိန်ထောင်တွင်း မတရားဖမ်းဆီး ချုပ်နှောင်ခံနေရသော ဗကသများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးနှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ကျောင်းသားထု အခွင့်အရေး တာဝန်ခံ ကိုလေပြေစိုးမိုး တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၈၉ ဦးသည် ဒီဇင်ဘာလ ၁၀ ရက်နေ့က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သည့် အသံတိတ်သပိတ် လှုပ်ရှားမှုတွင် ပါဝင်သောကြောင့် ပြင်းပြင်းထန်ထန် ရိုက်နှက်နှိပ်စက် ခံနေရသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တို့က ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်တွင် ပူးတွဲထုတ်ပြန်သည်။ 

အဆိုပါ နိုင်ငံရေး အကျဉ်းသား ၈၉ ဦးကို အကျဉ်းဦးစီးဌာနက သီးသန့်ဆောင်မှ ပင်မအကျဉ်းထောင်သို့ ရွှေ့ပြောင်းပြီး တိုက်ပိတ်ထားသည်ဟု သိရသည်။ 

"ထောင်တွင်း ရဲဘော်များ၏ လက်ရှိအခြေအနေသည် အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး တိုက်ပွဲတွင် တတပ်တအား ပါဝင်နေကြသော လူထုတရပ်လုံးနှင့် တော်လှန်ရေး အင်အားစုများ အနေဖြင့် ထပ်မံသိရှိလာရသော သတင်းများအပေါ် မူတည်၍ ထောင်တွင်း ရဲဘော်များကို  ဝန်းရံကူညီပေးကြပါရန် အလေးအနက်ထား တိုက်တွန်းအပ်ပါသည်" ဟု ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

"အဲ့နေ့က သီးသန့်မှာဖြစ်တာ၊ တနေကုန် ထမင်းထွက်ယူတာကလွဲရင် ဘာမှမလုပ်ဘူး၊ စကားမပြောဘဲ နေကြတယ်တဲ့။ ၃ နာရီခွဲလောက်မှ အပြင်ထွက်ပြီး သီချင်းဆိုကြတယ်တဲ့၊ အဲဒါကို ရိုက်တာ။ သီးသန့် (၂) ကို အရင်ရိုက်တာတဲ့။ ထောင်မကြီးထဲကလည်း ပါတယ်ပြောတယ်။ တရားစခန်း အဆောင်ကလည်း ပါတယ်ပြောတယ်။ ထောင်ပိုင်လေးပါ ဝင်ရိုက်တယ်တဲ့။ နားထဲက သွေးထွက်တဲ့လူတောင်ရှိတယ်တဲ့" ဟု မတရားဖမ်းဆီး ခံထားရသူများ၏ ရှေ့နေအဖြစ် ဆောင်ရွက်ပေးနေသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသူများ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေးနှင့် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသား အချုပ်သားများ၏ ကျန်းမာရေး၊ လုံခြုံရေးစသည့် အခွင့်အရေးများ ရရှိရေးအတွက် ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြပါရန် ပြည်သူလူထုထံသို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂတို့က မေတ္တာရပ်ခံ ထားသည်။ 

ဒီဇင်ဘာလ ၁၀ ရက်တွင် ပြည်သူတစ်ရပ်လုံးက နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အပြင်မထွက်ဘဲ တိတ်ဆိတ် ငြိမ်သက်ခြင်း သပိတ် (Silent Strike)  နှင့် အင်္ကျီအနက်ရောင် ဝတ်ဆင်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက်ပေါ်တင်သည့် Black Campaign တွင် ပါဝင်ပြီး စစ်ကောင်စီကို ဆန့်ကျင်တော်လှန် ခဲ့ကြသည်။ 
အဆိုပါနေ့တွင် အင်းစိန်ထောင်အတွင်းမှ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသော နိုင်ငံရေး အကျဉ်းသား၊ အချုပ်သားများကလည်း အသံတိတ်သပိတ် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required