အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အဖြစ် အင်ဒိုနီးရှားဆီ စတင်ရောက်ရှိ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အဖြစ် အင်ဒိုနီးရှားဆီ စတင်ရောက်ရှိ
Photo - AFP

ဒီဇင်ဘာလ ၁၄ ရက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်ဟာ အရှေ့တောင်အာရှခရီးစဉ်ကို တနင်္လာနေ့မှာ စတင်ပြီး အင်ဒိုနီးရှားနိုင်ငံဆီ ပထမဆုံး ရောက်ရှိချိန်မှာပဲ ရုရှက အကြီးတန်းတာဝန်ရှိသူတွေဟာလည်း အပြိုင်ရောက်ရှိလို့နေပါတယ်။ 

ဘလင့်ကင်နဲ့ တွေ့ဆုံပြောဆိုပြီးနောက်မှာ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ရုရှသမ္မတ ဗလာဒီမာ ပူတင်ရဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ ရုရှလုံခြုံရေးကောင်စီအတွင်းဝန် နီကိုလိုင်း ပါထရူရှက်ဗ်ကို ကြိုဆိုဧည့်ခံခဲ့တယ်လို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။ 

ရုရှနဲ့ တင်းမာမှုအရေး လွှမ်းမိုးထားတဲ့ ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေအပြီးမှာ ရောက်ရှိလာတဲ့ ဘလင့်ကင်က ဝီဒိုဒိုနဲ့ တွေ့ဆုံပြီး အင်ဒို-ပစိဖိတ်ဒေသမှာ ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံနဲ့ စည်းမျဉ်းအခြေပြု နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးကို အလေးထားတဲ့ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ ခေါင်းဆောင်မှုကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

တွေ့ဆုံဆွေးနွေးမှုက ‘နွေးထွေးပြီး ပွင့်လင်းကြောင်း’ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး အမျိုးသမီးဖြစ်သူ ရတ်နို မာဆူဒီက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ အမေရိကန်ရဲ့ တိုးလို့ ရင်းနှီးမြုပ်နှံမှုတွေကို လိုလားတဲ့ ဆန္ဒရှိကြောင်းကိုလည်း မာဆူဒီက အလေးထား ပြောဆိုခဲ့ပါတယ်။ 

အင်ဒိုနီးရှားရဲ့ သဘောထားဟာ မိတ်ဖက်အားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်ဖို့ပဲ ဖြစ်တယ်လို့ တွေ့ဆုံဆွေးနွေးမှုတွေ အပြီးမှာ သူက အလေးပေး ပြောဆိုပါတယ်။ 

“အမေရိကန်နဲ့ ရုရှ နှစ်နိုင်ငံစလုံးဟာ အင်ဒိုနီးရှားရဲ့ မိတ်ဆွေကောင်းတွေပါ၊ အင်ဒိုနီးရှားနိုင်ငံဟာ နိုင်ငံအားလုံး၊ မိတ်ဖက်အားလုံးနဲ့ မဟာဗျူဟာ ယုံကြည်မှုကို အမြဲတမ်း ဖွံ့ဖြိုးစေမှာ ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။ 

တရုတ်အပေါ် ပစ်မှတ်ထားတဲ့ အခု ခရီးစဉ်မှာ ဘလင့်ကင်အနေနဲ့ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေဆီပါ သွားရောက်ဖို့ ရှိနေပါတယ်။ အဲဒီ ခရီးစဉ်တွေ့ဆုံမှုတွေအတွင်း ဘလင့်ကင်ဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အရှေ့တောင်အာရှက အရေးကြီးတာကို အလေးထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ 

ဒါအပြင် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကြောင်း ဝရုန်းသုန်းကားဖြစ်နေတဲ့ မြန်မာနိုင်ငံက ဆိုးဝါးလာနေတဲ့ အကျပ်အတည်းကိုလည်း ဆွေးနွေးသွားဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required