လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ချိုးဖောက်သူများကို တရားစွဲသွားမည်ဟု အာဖဂန်၏ တာလီဘန်အစိုးရ ပြော

By Tolo News
14 December 2021
လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ချိုးဖောက်သူများကို တရားစွဲသွားမည်ဟု အာဖဂန်၏ တာလီဘန်အစိုးရ ပြော

အာဖဂန်နစ္စတန်နိုင်ငံတွင် တကျော့ပြန် အာဏာပြန်လည်ရရှိပြီးနောက်ပိုင်း တာလီဘန်အစိုးရသည် ယခင်အာဖဂန်အစိုးရအမှုထမ်းအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း အမိန့်ညွှန်ကြားချက်ကို ထုတ်ပြန်ထားခဲ့ပြီး ထိုလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ချိုးဖောက်ပါက ချိုးဖောက်သည့် မည်သည့်တာလီဘန်အဖွဲ့ဝင်များကိုမဆို တရားစွဲဆို၊ အပြစ်ပေးသွားမည်ဖြစ်ကြောင်း တာလီဘန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ ယင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက Human Rights Watch (HRW) အဖွဲ့၏ အစီရင်ခံစာတစ်ရပ်ကို တာလီဘန် နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

အာဖဂန်နစ္စတန်တွင် တာလီဘန်အာဏာပိုင်တို့ဘက်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ထားသော်လည်း ပြည်တွင်းဒေသများရှိ တာလီဘန်တပ်မှူးများသည် ယခင် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းများကို မစစ်ဆေးဘဲ ချက်ချင်းသတ်ဖြတ်မှုများ သို့မဟုတ် အတင်းအကျပ် ဖျောက်ဖျက်ပစ်မှုများ ရှိနေသည် ဆိုပြီး HRW က ပြီးခဲ့သည့်အပတ် အစီရင်ခံစာတွင် ပြောထားခဲ့သည်။

ထို အစီရင်ခံစာ ထွက်ရှိပြီးနောက် အမေရိကန်၊ အီးယူနှင့် အခြား နိုင်ငံ ၂၀ တို့၏ အစိုးရများက ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းတွင် HRW ၏ စုံစမ်းတွေ့ရှိချက်များနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ထားသည်။

"မူဂျာဟစ်ဒင်တွေဟာ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ဖော်ဆောင်ဖို့ အပြည့်အဝ ကတိပြုထားပါတယ်၊ အရင်အစိုးရရဲ့ အမှုထမ်းတွေအနေနဲ့ အရင်ကာလအတွင်း တာလီဘန်တို့အပေါ် ဆန့်ကျင်ခဲ့မှုတွေအတွက် တရားစွဲဆိုအရေးယူခံရမှာ မဟုတ်ပါဘူး" ဟု တာလီဘန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ် ကာဟာ ဘော့ခီက တွစ်တာတွင် ရေးခဲ့သည်။

ထို့ပြင် တာလီဘန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးကော်မရှင်သည်လည်း နိုင်ငံတွင် ယခင်အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းများ သတ်ဖြတ်ခံရသည် ဆိုသည့် မည်သည့် ဖြစ်စဥ်ကိစ္စကိုမှ တွေ့ရှိစာရင်းသွင်းထားနိုင်ခြင်း မရှိဟု ယင်းကော်မရှင်က ပြောသည်။

"အစိုးရသစ်ရဲ့ တပ်ဖွဲ့ဝင်တွေက အရင်အစိုးရအတွက် အလုပ်လုပ်ပေးခဲ့သူတွေကို နှောင့်ယှက် ဒါမှမဟုတ် ဒုက္ခပေးတယ် ဆိုပြီး ဘယ်လို တိုင်ကြားမှုကိုမှ ကျွန်တော်တို့ မရရှိထားခဲ့ပါဘူး" ဟု ကော်မရှင် အကြီးအကဲ လော့တ်ဖူလာ ဟာကီမီက ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းများကို သတ်ဖြတ်နေသည် ဆိုသည့် သတင်းများက တာလီဘန်အာဏာပိုင်တို့၏ အမိန့်ညွှန်ကြားချက်နှင့် ဆန့်ကျင်ကွဲလွဲနေကြောင်း HRW အစီရင်ခံစာတွင် ပြောထားသည်။

"တာလီဘန်အစိုးရအနေနဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်အတိုင်း လိုက်နာဆောင်ရွက်ဖို့ မိမိတို့ မျှော်လင့်တယ်" ဟု နိုင်ငံရေး အကဲခတ်တစ်ဦးဖြစ်သည့် အာမက်ဒ် ခန်း အန်ဒါက ပြောခဲ့သည်။

အသက်ဆုံးရှုံးထားခဲ့ရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းများ၏ မိသားစုများထံမှ မှတ်ချက်ရရန် Tolo News က ကြိုးပမ်းခဲ့သော်လည်း အကြောင်းရင်းအမျိုးမျိုးကြောင့် ၎င်းတို့အနေဖြင့် ဖြေကြားနိုင်ခဲ့ခြင်း မရှိခဲ့ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly