တရုတ်စစ်တပ်၏ ကျူးကျော်ခြင်းခံနေရသည့် ထိုင်ဝမ်ကို အမေရိကန်က ထောက်ခံကြောင်း ထပ်မံအတည်ပြု

တရုတ်စစ်တပ်၏ ကျူးကျော်ခြင်းခံနေရသည့် ထိုင်ဝမ်ကို အမေရိကန်က ထောက်ခံကြောင်း ထပ်မံအတည်ပြု

ထိုင်ဝမ်ကို တရုတ်၏ စစ်ရေးအရ ကျူးကျော်မှုများ တိုးနေချိန်တွင် အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဂီနာရိုင်မန်ဒိုက ထိုင်ဝမ်ကို အမေရိကန်က ထောက်ခံကြောင်းကို ဒီဇင်ဘာ ၆ရက်က ထပ်မံအတည်ပြု ပြောကြားခဲ့ပြီး အမေရိကန်သည် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဘုံစိုးရိမ်စရာ ကိစ္စရပ်များတွင် ဒီမိုကရေစီစနစ်ကျင့်သုံးသော ထိုင်ဝမ်ကျွန်းနှင့် လက်တွဲလုပ်ဆောင်ရန် စိတ်အားထက်သန်နေကြောင်း ပြောကြားခဲ့သည်။

အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဂီနာရိုင်မန်ဒို နှင့် ထိုင်ဝမ်စီးပွားရေးရေးရာဝန်ကြီး ဝမ်မိန်ဟွား တို့၏ ဖုန်းခေါ်ဆိုမှုအတွင်း ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ကြောင်း Taiwan News တွင် ဖော်ပြထားသည်။

"အတူတကွလုပ်ဆောင်ခြင်းဖြင့် ကျွန်တော်တို့က စီးပွားရေးချိတ်ဆက်မှုတွေကို တည်ဆောက်နိုင်ပြီး နောက်ဆုံးမှာ လစာကောင်းတဲ့ အလုပ်အကိုင်တွေကို ဖန်တီးနိုင်မှာဖြစ်သလို အရေးပါတဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေကို အားကောင်းစေကာ ကျွန်တော်တို့ရဲ့ စီးပွားရေးတစ်ခုလုံးဆိုင်ရာ ဆက်ဆံရေးကို နက်ရှိုင်းစေပါလိမ့်မယ်" ဟု ဂီနာရိုင်မန်ဒိုက ပြောကြားခဲ့သည်။

အထူးသဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထောက်ပံ့မှုကွင်းဆက်များနှင့် ဆက်စပ်ကိစ္စရပ်များကဲ့သို့သော ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် အမေရိကန် သည် ထိုင်ဝမ်နှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်ရန် စိတ်အားထက်သန်နေကြောင်း ဂီနာရိုင်မန်ဒိုက ပြောကြားခဲ့သည်ဟု Taiwan News တွင် ဖော်ပြခဲ့သည်။

အပြန်အလှန်ဆက်ဆံမှုအတွင်း နှစ်ဖက်စလုံးသည် အရေးကြီးသော ထုတ်လုပ်မှုပံ့ပိုးရေး လုပ်ငန်းများ၊ ၎င်းတို့နှင့် ဆက်စပ်နေသည့် အခြေစိုက်စခန်းများတစ်လျှောက် မိတ်ဖက်များ၊ သက်ဆိုင်သူများနှင့် မကြာခဏ ဆက်သွယ်ရန် ကတိပြုခဲ့သည်။

တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် အခြား ထုတ်လုပ်မှုပံ့ပိုးရေး လုပ်ငန်းများအတွက် အခြားနည်းလမ်းများကို ရှာဖွေမည် ဟု ၎င်းတို့က ကတိပြုကာ မကြာမီကာလအတွင်း TTIC ၏ ပထမဆုံးအစည်းအဝေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်လည်း သဘောတူညီခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ Taiwan News က ဖော်ပြခဲ့သည်။

ဒီမိုကရက်တစ်ထိုင်ဝမ်အား တရုတ်၏ စစ်ရေးကျူးကျော်မှုများ တိုးလာနေချိန်တွင် အမေရိကန်က ထိုင်ဝမ်အား ကဏ္ဍပေါင်းစုံတွင် ပံ့ပိုးကူညီမှုများ တိုးချဲ့လုပ်ဆောင်လျက်ရှိသည်။

အစောပိုင်းရက်သတ္တပတ်က ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် အမေရိကန်-ထိုင်ဝမ် စီးပွားရေး သာယာဝ ပြောရေး မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးပွဲအပြီးတွင် တရုတ်က အမေရိကန်အား ထိုင်ဝမ်နှင့် ဆက်ဆံရေး မြှင့်တင်ခြင်းကို ချက်ချင်း ရပ်တန့်ရန် တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly