သြစတြေးလျက ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို သံတမန်ရေးအရ သပိတ်မှောက်ကြောင်း ကြေညာ

သြစတြေးလျက ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို သံတမန်ရေးအရ သပိတ်မှောက်ကြောင်း ကြေညာ

သြစတြေးလျသည် တရုတ်နိုင်ငံလူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကြောင့် ပေကျင်းဆောင်းရာသီအိုလံပစ်အား အမေရိကန်ကဲ့သို့ပင် သံတမန်ရေးအရ သပိတ်မှောက်လိုက်သည်။

သြစတြေးလျ ဝန်ကြီးချုပ် စကော့မောရစ်ဆန်က တရုတ်နိုင်ငံနှင့် ဆက်ဆံရေးပျက်ပြားမှုကို ကိုးကားလျက် ၎င်းတို့၏ သံတမန်များနှင့်နိုင်ငံရေးသမားများကထိုပွဲအား သပိတ်မှောက်ခြင်းမှာ အံ့ဩစရာမရှိဟု ပြောကြားခဲ့ကြောင်း ဩစတြေးလျအသံလွှင့်ကော်ပိုရေးရှင်း (ABC) က ဖော်ပြခဲ့သည်။

“သြစတေးလျရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ဒီလိုလုပ်ရတာပါ။ ဒါဟာ မှန်ကန်တဲ့လုပ်ရပ်ပါ” ဟု ၎င်းက ဆိုသည်။

တရုတ်ကသြစတြေးလျအပေါ် သံတမန်ရေးရာပထုတ်မှုများရှိသလို ဩစတြေးလျသည် တရုတ်ခေါင်းဆောင် များနှင့် လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသောကြောင့် တာဝန်ရှိသူများက အားကစားပြိုင်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း မောရစ်ဆင်ကပြောသည်။

ယခုသီတင်းပတ်အစောပိုင်းတွင် အိမ်ဖြူတော်ပြန်ကြားရေးတာဝန်ခံဂျန်ပါစကီက အမေရိကန်အားကစားသမားများသည် အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သော်လည်း အစိုးရသည် အားကစားပြိုင်ပွဲများသို့ တာဝန်ရှိသူများကို စေလွှတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ရှင်ကျန်းတွင် အထူးသဖြင့် ဝီဂါလူနည်းစုအသိုင်းအဝိုင်းအပေါ် အဓမ္မအလုပ်ခိုင်းစေမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုသတင်းများနှင့်ပတ်သက်၍ တရုတ်နိုင်ငံအပေါ် အမေရိကန်က ဖိအားများ တိုးလာနေခြင်းဖြစ်သည်ဟု CNN သတင်းဌာနက ဖော်ပြသည်။

နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) က ပေကျင်းတွင်ကျင်းပမည့် ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲအား သံတမန်သပိတ်မှောက်မှုဆိုင်ရာ အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ကို အပြည့်အဝလေးစားကြောင်း ပြောကြားခဲ့သည်။

“အစိုးရအရာရှိတွေနဲ့ သံတမန်တွေ တက်ရောက်တယ်ဆိုတာလည်းအစိုးရတစ်ခုစီအတွက် နိုင်ငံရေးသက်သက် ဆုံးဖြတ်ချက်ပါပဲ။ နိုင်ငံရေးမှာကြားနေတဲ့ IOC က ဒါကိုအပြည့်အဝ လေးစားပါတယ်။ အားကစားသမားတွေရဲ့ အိုလံပစ်အားကစားပြိုင်ပွဲနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှုတွေဟာ နိုင်ငံရေးရဲ့ အခြားတစ်ဖက်မှာရှိနေပါတယ်။ ဒါကိုလည်း ကြိုဆိုပါတယ်” ဟု IOC က ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly