ဒေါက်တာဇော်မြင့်မောင်အား ခရီးသွားခွင့် မပြုသည့်အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမှု သက်သေ မထွက်ဆိုနိုင်

ဒေါက်တာဇော်မြင့်မောင်အား ခရီးသွားခွင့် မပြုသည့်အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမှု သက်သေ မထွက်ဆိုနိုင်

ဒီဇင်ဘာလ ၁၃ ရက်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆက်လက် အမှုရင်ဆိုင်ရန် ကျန်ရှိသည့် သဘာဝဘေး အမှုတစ်ခုအတွက် ယနေ့ ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင် သက်သေထွက်ဆိုရမည် ဖြစ်သော်လည်း ထောင်အာဏာပိုင်များက ခရီးသွားလာခွင့် မပြုသည့်အတွက် လာရောက်နိုင်ခြင်း မရှိကြောင်း ရှေ့နေအဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။

ယနေ့ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ဝင် လေးယောက်တို့ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ပြီးနောက် နံနက် ၁၀ နာရီခွဲတွင် တရားခွင် စတင်ခဲ့သည်။

တရားလို ဦးညီညီ စွဲဆိုထားသော ဆက်လက် စစ်ဆေးရန်ကျန်ရှိသည့် သဘာဝဘေး အမှုအတွက် စတင်စစ်ဆေးခဲ့ကြသည်။

တရားခွင် စတင်ချိန်တွင် တရားသူကြီးက ဒေါက်တာဇော်မြင့်မောင်ကို သက်သေထွက်ဆိုရန် ဆင့်ခေါ်ထားကြောင်း၊ သို့သော် ထောင်အာဏာပိုင်များက ဒေါက်တာဇော်မြင့်မောင်အား ခရီးသွားလာခွင့် မပြုကြောင်း ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင် လက်မှတ်ရေးထိုးထားသောစာကို ရှေ့နေအဖွဲ့အား ထုတ်ပြခဲ့သည်။

ထို့နောက် တရားသူကြီးက အခြာနည်းကိုပြောင်းပြီး သက်သေထွက်ဆိုချက်ယူရန် ပြောကြားခဲ့သော်လည်း ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ကို ယူရန်လိုအပ်ကြောင်း ချေပခဲ့သည်။

တရားသူကြီးက အခြားနည်းဖြင့် သက်သေထွက်ဆိုချက်ယူရန် ပြောကြားမှုသည် ကော်မရှင်နာဖြင့် သော်လည်းကောင်း၊ Video Conferencing ဖြင့်သော်လည်းကောင်း ရယူရန် ရှင်းပြခဲ့ခြင်း ဖြစ်သည်။

သို့သော် ရှေ့နေအဖွဲ့က ကော်မရှင်နာဖြင့် သက်သေထွက်ဆိုမှုနှင့် Video Conferencing ဖြင့် သက်သေ ထွက်ဆိုမှုများသည် လူကိုယ်တိုင် လာရောက်ထွက်ဆိုမှုနှင့် ကွာခြားကြောင်း လျှောက်လဲခဲ့ပြီးနောက် အမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ကို ရယူရန် လိုအပ်ကြောင်း ချေပလျှောက်လဲသည်။

တရားသူကြီးက ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ရယူရန် အတွက် ခွင့်ပြုခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်သို့ ရက်ရွှေ့ဆိုင်းကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်။

ယင်းနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားသော ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၆၇) အမှုနှင့် ပို့ကုန်သွင်းကုန် ပုဒ်မ (၈) အမှုအတွက် ဒီဇင်ဘာ ၆ ရက်တွင် နှစ်ဘက် လျှောက်လဲချက်များ ပေးခဲ့ကြပြီးဖြစ်ရာ ဒီဇင်ဘာ ၂၀ ရက်တွင် အပြီးသတ်အမိန့် ချမှတ်သွားရန်လည်း ရှိနေသည်။

အသက် ၇၆ နှစ်အရွယ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမှုစုစုပေါင်း ၁၂ မှု ရင်ဆိုင်နေရကာ ၂ မှုအတွက် ပြစ်ဒဏ်ချမှတ်ခဲ့ပြီးသည့်အတွက် အမှု ၁၀ မှုအား ဆက်လက် ရင်ဆိုင်နေခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required