တောင်တွင်းကြီး၌ စစ်ကောင်စီ တပ်ကြပ်ကြီး ပစ်သတ်ခံရပြီး စည်ပင်နှင့် ဆက်သွယ်ရေးရုံးတွင် ဗုံးပေါက်

တောင်တွင်းကြီး၌ စစ်ကောင်စီ တပ်ကြပ်ကြီး ပစ်သတ်ခံရပြီး စည်ပင်နှင့် ဆက်သွယ်ရေးရုံးတွင် ဗုံးပေါက်

ဒီဇင်ဘာလ ၁၃ ရက်

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့တွင် ယနေ့ဒီဇင်ဘာလ ၁၃ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး အဆင့်ရှိသူတစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရ၍ သေဆုံးသွားပြီးနောက် မြို့နယ်စည်ပင်ရုံးနှင့် မြန်မာ့ဆက်သွယ်ရေးရုံးတို့တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူ စစ်ကောင်စီတပ်ဖွဲ့ဝင်သည် တောင်တွင်းကြီးမြို့ရှိ အမှတ် (၁၈) ကာကွယ်ရေး ပစ္စည်း စက်ရုံ (ကပစ) မှ တပ်ကြပ်ကြီးအဆင့်ရှိ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး ယနေ့မွန်းလွဲပိုင်းက တောင်တွင်းကြီး မြို့မဈေးတွင် ဈေးလာဝယ်နေစဉ် သေနတ်ဖြင့် အနီးကပ် သုံးချက် ပစ်ခတ်ခဲ့ကြောင်း ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထိုသို့ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဈေးနေရာနှင့် အနီးတဝိုက်လမ်းများကို ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဈေးနားကိုတော့ လမ်းပိတ်ပြီး စစ်ဆေးသွားတာပေါ့။ UG ကလေးတွေ အကုန်လွတ်မြောက်ပါတယ်” ဟု ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက မဇ္ဈိမကို ပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော တောင်တွင်းကြီးမြို့ မြန်မာ့ဆက်သွယ်ရေးရုံးတွင်လည်း ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီက ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး တချိန်တည်းမှာ မြို့နယ်စည်ပင်ရုံးတွင်လည်း ဗုံးပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ စည်ပင်ဝန်ထမ်းများသည် အသံတိတ်သပိတ်နေ့တွင် ပါဝင်ခဲ့ကြသော ဈေးဆိုင်ပိုင်ရှင်များကို ဖိအားပေး ခြိမ်းခြောက်မှုများ လုပ်ဆောင်နေသည့်အတွက် ဗုံးဖြင့်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
“ဗုံးတစ်လုံးစီနဲ့ တိုက်ခိုက်ခဲ့တာပါ” ဟု အဆိုပါ ပြန်ကြားရေး တာဝန်ခံက ဆိုသည်။

တောင်တွင်းကြီးမြို့နယ် စည်ပင်ရုံးနှင့် မြန်မာ့ဆက်သွယ်ရေးရုံး ဗုံးပေါက်ကွဲမှုများတွင် ထိခိုက်မှု အခြေ အနေကို မသိရသေးပေ။ 

ယင်းဖောက်ခွဲမှုကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် MDA နဂါးတပ်ဖွဲ့ (မကွေး) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ကာ ပြည်သူလူထု အနေဖြင့် ပူးပေါင်းပါဝင်ကြပါရန် မေတ္တာရပ်ခံထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required