မြန်မာပြည်ငလျင်နှင့် ဘေးအန္တရာယ် ထိန်းချုပ်ရေးအစီအမံများ ( ၅)

မြန်မာပြည်ငလျင်နှင့် ဘေးအန္တရာယ် ထိန်းချုပ်ရေးအစီအမံများ ( ၅)

မြန်မာနယ်နိမိတ်အတွင်းငလျင်အန္တရာယ်
မြန်မာပြည်အလယ်ပိုင်းဒေသများ
ပြည်မြို့ ငလျင်(၁၈၅၈)နှင့် မြေလတ်ဒေသငလျင်များ

 

လွန်ခဲ့သော နှစ် ၁၅၀ ခန့်က မြန်မာနိုင်ငံ မြေလတ်ပိုင်း ပြည်မြို့နှင့် သရက်မြို့ အနီးတစ်ဝိုက်၌ အင်အား ပြင်း ငလျင်တစ်ခု လှုပ်ခဲ့သည်။ အိန္ဒိယ ဘူမိဗေဒတိုင်းတာရေးက မှတ်တမ်းတင်ထားသည်။ ၁၈၅၈ သြဂုတ်လ ၂၄ရက် ဒေသစံတော်ချိန် ညနေ ၃နာရီ ၃၈မိနစ် လှုပ်ခဲ့သော ငလျင်ကြောင့် သရက်နှင့် ပြည်မြို့များ၌ ပျက်စီးမှုများ ရှိခဲ့ပြီး အောင်လံ၊ ပုဂံ၊ တောင်ငူ၊ ကျောက်ဖြူ မြို့များ၌လည်း အတန်အသင့် ထိခိုက်မှုများ ရှိခဲ့သည်။ အင်းဝနှင့် ရန်ကုန်မြို့များကလည်း ခံစားသိရှိကြရသည်။ ထိုငလျင်လှုပ်ပြီး မကြာမီမှာပင် မာန်အောင်ကျွန်း အရှေ့တောင်ဖက်ရှိ ဖော့စ်ကျွန်း (ရဲကျွန်း ?) ရေအောက် ငုတ်ဆင်းသွားသည်။ ထို ဖြစ်ရပ်များ ဆက်စပ်မှုရှိသည်ဟုသုံးသပ်ကြသည်။

သရက်မြို့၌ ထိခိုက်မှု ပိုများသည်။ ဘုရားစေတီ အားလုံးနီးပါး ပြိုကျကုန်သည်။ အိမ်တွေလည်း ပြိုကျ ပျက်စီးသည်။ မြေပြင်လှိုင်းထကြောင်း သိရသည်။ (၁၉၇၅ ပုဂံငလျင်နှင့် ၂၀၀၃ တောင်တွင်းကြီး ငလျင်များ ၌လည်း အလားတူ လှိုင်းထ သည်ကို သိရသည်။) စေတီ အပေါ်ပိုင်းများ၊ ပရိဘောဂများသည် အရှေ့မြောက်-အနောက်တောင် လားရာအတိုင်း ပြုတ်ကျကြသည်။ မြစ်ဆိပ်၌ ဆိုက်ကပ်ထားသော ဒိုင်ယာနာ အမည်ရှိ သင်္ဘောသည် ရုတ်တရက် မြင့်တက်လာသော ရေအလျဉ်အတိုင်း တစ်နာရီ ၃ မိုင်နှုန်းခန့်နှင့် မျောသွားသည်။ မြစ်ရေတိမ် နေရာများ၌ ရွှံ့ရေများ ပွက်သည်။ မြစ်အောက်ခင်းပြင်သည် ရုတ်တရက် ရေပေါ် တက်လာကာ ခဏကြာလျှင် ပြန်ငုတ်သွားသည်ဟု မျက်မြင်ရှိသည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့ညက လတစ်ဝက် ကြတ်သည်။
     အောင်လံမြို့၌ ခပ်ကြမ်းကြမ်း လှုပ်သည်။ ခြေဖဝါးအောက် မြေလှိုင်းထမှုကို ခံစားသိရသည်ဟု ဆိုသည်။ ပုဂံရှိ စေတီ ဟောင်းအချို့ အနည်းငယ်အက်သည်။ တောင်ငူ၌လည်း မြေပြင်လှိုင်းကို သိကြသည်။ သို့သော် အပျက်အစီး မရှိ။ ကျောက်ဖြူ၌ အုတ်တိုက် အနည်းငယ် အက်သည်။ ပရိဘောဂများ လဲပြိုသည်။ ရေတွင်းမှ ရေများ လျှံကျကုန်သည်။ ပြည်မြို့လည်း ခပ်ပြင်းပြင်း တုန်လှုပ်ခံရသည်။ ရွှေဆံတော်စေတီတော် ထိခိုက်မှု ရှိသည်။ မြေပြင်လှိုင်းများကို သိသိသာသာ ခံစားသိကြရသည်။ ဟင်္သာတမြို့က စေတီများလည်း ထိတ်ပိုင်း ပြတ်ကုန်သည်။

ထို ပြည်မြို့ငလျင်နှင့် ဆက်စပ်သော မြေပြင်လှုပ်ရှားမှုကို မလေ့လာရသေးပေ။ ငလျင်ဖြစ်ရာ အရပ်သည် ရခိုင်ရိုးမ၏ အရှေ့ဖက် အစပ် ဧရာဝတီ မြစ်ကြောင်းတစ်လျောက် ဖြစ်နေသည်။ ထို့အပြင် ထိုနေရာ၌ ရေနံနှင့် သဘာဝဓါတ်ငွေ့များ ခိုအောင်း တတ်သည့် လွာတွန့်တောင်များလည်း အနောက်မြောက်-အရှေ့တောင် လားရာအတိုင်း အစဉ်လိုက် တန်းနေလေရာ မည်သည့် (ပြတ်ရွေ့)နှင့် ဆက်စပ်နေပါသည်ဟု ဆိုရန် မလွယ်။ ထိုအပိုင်း၌ ဧရာဝတီမြစ် အနောက်ဖက်ကမ်းများ မြင့်တက် မှုများလည်း ရှိထားရာ အရှေ့တောင်-အနောက်မြောက် လားရာရှိသော တွန်းတင်ပြတ်ရွေ့ Thrust Fault တစ်ခုနှင့် ဆက်စပ်နိုင်သည်။ ဥပမာ ဒုရင်္ဂဗိုလ်တောင်တန်းနှင့်အပြိုင်ရှိသောရေနံ့သာပြတ်ရွေ့။

 ဝေးသော အကြောင်းကမူ အိန္ဒိယမြေထုချပ်နှင့် မြန်မာ မြေထုချပ်ကြီးများ တွန်းတိုက်မှုသာ ဖြစ်သည်။ ရခိုင်ကမ်းလွန်မှ ရေငုတ်သွားသောကျွန်းမှာ ဤဖြစ်ရပ်နှင့် တိုက်ရိုက်မဆက်စပ်သော်လည်း ဘန်ဂေါ ထိစပ်ဇုန် တစ်လျောက် ဖြစ်တတ်သည့် ငလျင်ကြီးများ လှုပ်စဉ် သို့မဟုတ် လှုပ်ပြီးမှ လိုက်၍ ရွေ့သော အရွေ့ကြောင့် ဖြစ်သည်။ Post aseismic slip ဟု ခေါ်သည်။ ငလျင်ပြင်းအားကို ခံစားရပုံ ဖေါ်ပြချက် အရ ပုဂံငလျင် (ပမာဏ ၆.၅) နှင့် ဆင်တူသည်။ ထို့ကြောင့် ပမာဏ ၇.၀ အောက်သာ ရှိမည်ဟု ခန့်မှန်း ရသည်။

ပုဂံငလျင်(၁၉၇၅)နှင့်တောင်တွင်းကြီးငလျင်(၂၀၀၃)
ပုဂံငလျင်နှင့် ပါတ်သက်ပြီး ဆရာတော် ဦးသောဘိတ (ရွှေကိုင်းသား)က ၁၉၇၆ ထုတ်ဝေသော သမိုင်းဝင် ငလျင်ကြီး များနှင့် ပုဂံငလျင် စာတမ်း၌ ပြည့်စုံစွာ ဖေါ်ပြထားသည်။ ပမာဏ (၆.၅) ဖြစ်သည်။ ရှေးဟောင်း အဆောက်အဦ အများဆုံးရှိသော ပုဂံဒေသ၌ အပျက်များသည်။ သို့သော် ငလျင်ဗဟိုချက်သည် တန့်ကြည် တောင် မြောက်ဖက်ယွန်းယွန်း၌ ဖြစ်သည်။ ထို့ကြောင့် ငလျင်ဖြစ်ရာ အရပ်သည်လည်း ဧရာဝတီမြစ် အနောက်ခြမ်း၌သာ ဖြစ်သည်။ ပြည်မြို့ငလျင်နှင့် ပုဂံငလျင် ၂ ခုစလုံးသည် မြန်မာနိုင်ငံ အနောက် ဖက်ခြမ်း တက်တိုးနစ်ဖြစ်ရပ်များနှင့်တိုက်ရိုက်ဆက်စပ်သည်။

တောင်တွင်းကြီး ငလျင်သည် မြေလတ်ဒေသ၌ ဖြစ်သော ငလျင်တစ်ခု ဖြစ်သော်လည်း အထက်က ပြခဲ့သော ငလျင်များ ကဲ့သို့ အနောက်ဖက် ဖြစ်ရပ်များနှင့် မဆက်စပ်ဘဲ စစ်ကိုင်း ပြတ်ရွေ့၏ လွှမ်းမိုးမှုက ပိုများသည်ကိုတွေ့ရသည်။ 

မြန်မာပြည်အလယ်ပိုင်းကငလျင်များ
မြောက်ဖက် ဝန်းသို၊ ကသာ၊ အင်းတော်ကြီးမှသည် တောင်ဖက် ပဲခူးရိုးမအရှေ့ခြမ်း ပဲခူး၊ ရန်ကုန် အရပ်များ အထိ စစ်ကိုင်းပြတ်ရွေ့ ငလျင်ဇုန်၌ ကျရောက်သည်။ အတိတ်ငလျင် ဖြစ်ရပ်များကို ရှေးကျသော စေတီတော် များ၏ ပြုပြင်မှုသမိုင်း၊ မြန်မာ့သမိုင်းများ၌ တွေ့ရသည်။ တကောင်းခေတ်က ငလျင်များကို မသိရသော်လည်း လက်ရှိ တကောင်းမြို့ဟောင်းနေရာ ဝန်းကျင်၌ အင်အားပြင်းငလျင်ကြီးများ မကြာခဏ လှုပ်သည်။ ၁၉၉၁က ပမာဏ ၇.၁ ရှိသော ငလျင်ကြီး ၂ ခု တစ်ရက်ခြား လှုပ်ခဲ့သဖြင့် တကောင်းနှင့် ထီးချိုင့်ဒေသ၌ ထိခိုက် ပျက်စီးမှုရှိသည်။ သရေခေတ္တ၌ သာသနာနှစ် ၁၀၁ (၄၄၃ ဘီစီ) နှင့် ၆၀၉ (၆၅ အေဒီ) တို့၌ ငလျင်ကြီးများ လှုပ်ကြောင်း သိရသည်။ ၁၈၅၈ ပြည်မြို့ ငလျင်နှင့် ၆၅ခု သရေခေတ္တရာ ငလျင်တို့အကြား နှစ်ပေါင်း ၁၈၀၀ နီးပါးအတွင်း ဤအရပ်ဝန်းကျင်၌ ငလျင်များ ဖြစ်ခဲ့ဦးမည်ဟု ဆုံးဖြတ်ထားသည်။ အတိတ်ငလျင် သုတေသန များအတွက်စဉ်းစားရန်ဖြစ်သည်။

ပုဂံပြည်၌လည်း အလားတူပင် ငလျင်များ လှုပ်သည်။ ၁၉၇၅ ရှေ့ပိုင်း၌ ၃၂၄၊ ၉၈၆၊ ၁၂၈၇၊ ၁၂၈၉၊ ၁၈၁၆၊ ၁၈၅၆ တို့၌ ငလျင်လှုပ်သဖြင့် ဘုရားစေတီများပြိုကာ ပြုပြင်ရကြောင်း ဆိုသည်။ ပုဂံပြီးနောက် အင်းဝ၊ ပင်းယ၊ စစ်ကိုင်း၊ အမရပူရ ငလျင်များ ဖြစ်သည်။ ၁၈၃၉၌ ဖြစ်သောအင်းဝငလျင်ကြီးသည် မင်းကွန်း ပုထိုးတော်ကြီးပင် အက်ကွဲစေခဲ့သည်။ လွန်ခဲ့သော ၅၅ နှစ်ခန့် (၁၉၅၆)က ဖြစ်ခဲ့သော စစ်ကိုင်းငလျင်သည် စစ်ကိုင်း - မန္တလေးအရပ်၌ဖြစ်ခဲ့သော နောက်ဆုံးငလျင် ဖြစ်သည်။ တောင်ဖက်သို့ သွားလျှင် ပဲခူးမြို့မှ ရွှေမောဓော စေတီတော်၊ သန်လျင်မှ ကျိုက်ခေါက်စေတီတော်နှင့် ရွှေတိဂုံ စေတီတော် တို့ ပြုပြင်မှု မှတ်တမ်းများသည် ရှည်လျားသော ငလျင်သမိုင်းကို ပြကြသည်။ နှစ်ပေါင်း ၂၀၀၀ ကျော်အတွင်း အင်အားပြင်း ငလျင်ကြီး ၃၀ ကျော် လှုပ်ခဲ့ကြောင်း သိရသည်။ ၁၉၃၀က လှုပ်ခဲ့သော ပဲခူးငလျင်သည် ရန်ကုန် - ပဲခူးဒေသ၌ နောက်ဆုံး ဖြစ်ခဲ့သည်။ နှစ်ပေါင်း ၈၀ ကျော်ခဲ့ပြီ။ အလားတူ ငလျင်မျိုးဖြစ်ရန် အချိန်ကာလအားဖြင့် လုံလောက်ပြီ။

မြစ်ဝကျွန်းပေါ်ဒေသငလျင်များ
မြစ်ဝကျွန်းပေါ်ဒေသများ ငလျင်ဒဏ်ခ့ရကြောင်း မှတ်တမ်းများ၌ တွေ့ရခဲသည်။ အကြောင်းတစ်ရပ်မှာ ရှေးက မြို့တော်များသည် မြန်မာပြည် အလယ်ပိုင်းများ၌သာ ထူထောင် ထွန်းကားခဲ့သောကြောင့် ဖြစ်မည်။ ၁၉၇၀ ဝန်းကျင်က ဒေးဒရဲငလျင်လှုပ်ဘူးသည်။ ဒေးဒရဲ၊ ဖျာပုံမြို့များ ထိခိုက်ခံရသည်။ ရွှေတိဂုံစေတီတော် ထီးတော်ပင် စောင်းသွားဖူးသည်။ ၂၀၀၄ ဆူမတြား ငလျင်ကြီးလှုပ်ပြီး နောက်ဆက်တွဲ ငလျင်များ လှုပ်ရာ မြန်မာနယ်နိမိတ် အစပ်ထိ ရောက်လာသည်။ အန်ဒမန် ကျွန်းတန်းမှ အင်အား ၇.၃ ရှိသော ငလျင်များ လှုပ်သောအခါ မြစ်ဝကျွန်းပေါ်ဒေသ မြို့များကို ထိခိုက်သည်။ လပွတ္တာမြို့၌ အဆောက်အဦ အချို့ ငလျင်အရှိန်ကြောင့် ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။ သို့သော် ထိုစဉ်က ဆူနာမီလှိုင်း ထိခိုက်မှုကို အာရုံစိုက် နေကြသဖြင့်ငလျင်ထိခိုက်မှုကိုချန်ထားခဲ့ကြသည်။

ငလျင်အန္တရာယ်နှင့်ငလျင်ဇုန်များပြမြေပုံ
ဘယ်နေရာမှာ ငလျင်လှုပ်သည် အင်အား ပမာဏ မည်မျှဖြစ်သည်ဟု ပြောဆို ထုတ်ပြန်ခြင်းသည် ငလျင် ဖြစ်ရပ် event ကို ပြောခြင်း ဖြစ်သည်။ ငလျင်လှုပ်သည်။ ထိုထက်မပို။ ငလျင်လှုပ်သဖြင့် ငလျင်အရှိန် ခံစားကြရသည်။ ထိုအရှိန် ပြင်းထန်လျှင် ပြင်းထန်သလောက် ထိခိုက် ပျက်စီးစေနိုင်သည်။ ထိုသို့ ဆိုလျှင် ငလျင်အန္တရာယ် seismic hazard or earthquake hazard အကြောင်း ဆိုရာ ရောက်သည်။ ငလျင် လှုပ်သောအခါ မြေပြင်သည် လှိုင်းထ၍ ရွေ့သည် (displacement)။ အချိန်နှင့် အမျှရွေ့သည်ကို အလျင် velocity ဟု သည်။ ထိုအလျင် အချိန်လိုက်၍ ပြောင်းလဲသည့်အခါ အရှိန် acceleration ဖြစ်သည်။ ရူပဗေဒ သဘောအရ ထိုအရှိန်ကိုလိုက်၍ အား Force ဖြစ်သည်။ ထိုအား အကြီးအသေး အပေါ်လိုက်၍ မခံနိုင်လျှင် ပျက်သည်။ ထိုကဲ့သို့ အဆင့်ဆင့် ဖြစ်ရာ အရွေ့၊ အလျင်၊ အရှိန်တို့သည် ငလျင်နှင့် တွဲ၍ ဖြစ်သော အရာများ ဖြစ်သောကြောင့်အန္တရာယ်ဟုဆိုလျှင်ထို၃ချက်ကိုသိရသည်။

အခြား အတွဲအဖက်များရှိသေးသည်။ ထိုအထဲမှ လှုပ်နေချိန် duration သည် ပို၍ အရေးပါသည်။ ငလျင်ကို အကြောင်းပြု၍ ဖြစ်သော မြေပြင်၏ အရွေ့၊ အလျင်၊ အရှိန်တို့သည် ဗဟိုချက်မှ ဝေးသွား သည်နှင့်အမျှ အားလျော့သွားသည်။ ငလျင်တစ်ခုနှင့် တစ်ခု အင်အား အကြီးအသေးမတူ၊ ငလျင် ဖြစ်ရာ အနက်မတူ၊ ဇစ်မြစ်မတူ၊ စသော မတူညီချက်များကြောင့် အရှိန် တက်ခြင်း၊ သက်ခြင်းလည်း မတူကြပေ။ ထိုအရှိန် တက်ခြင်း သက်ခြင်းမတူညီချက်များကို တိုင်းတာထားသော အချက်များအပေါ် လေ့လာ၍ ဥပဒေသများ၊ ညီမျှချက်များ တင်ပြထားကြသည်။ Attenuation relationship ဟု ခေါ်သည်။ မြန်မာပြည် အတွက်မူ တိုင်းစက်၊ မှတ်တမ်းများ မရှိခဲ့သေးသလို လေ့လာတင်ပြမှုများလည်း မရှိသေးပေ။ ထို့ကြောင့် ဆင်တူရိုးမှားရှိသော ငလျင်ရပ်ဝန်းများအား လေ့လာချက်များကို မှီ၍ ခန့်မှန်းချက် လုပ်ထားရသည်။

ငလျင်ဖြစ်ရာ ပြတ်ရွေ့၊ ငလျင်ပမာဏ စသည်တို့ကို ထည့်သွင်းတွက်ချက်သည့်အခါ ငလျင်အရှိန်ကို ရသည်။ ထိုတန်ဖိုးများကို နီးစပ်ရာဆက်စပ်ပြီး မြေပုံတစ်ခု ရေးဆွဲနိုင်သည်။ ပုံ (၁) သည် ထိုကဲ့သို့ အခြေခံ ရေးဆွဲထားသော ပုံဖြစ်သည်။ ဖြစ်ပြီးသော ငလျင်များကိုအခြေခံ၍ ဆိုင်ရာ ငလျင်ဖြစ်နိုင်သည့် ပြတ်ရွေ့များက ဖြစ်နိုင်သော ငလျင်ကြီးများ၏ သက်ရောက်ပုံကို ထည့်သွင်းစဉ်းစားထားသည့် deterministic seismic hazard map မျိုး၌ အကျုံးဝင်သည်။ နောင် အနှစ် ၅၀၀၊ ၁၀၀၀ လျှင် အနားဝန်းကျင် ရှိရှိသမျှသော လှုပ်တတ်သည့် ပြတ်ရွေ့များထဲမှ အင်အားပြင်း ငလျင်တစ်ခု ဖြစ်နိုင်ချေနှင့်  လက်ခံ နိုင်သည့် အရှိန်ထက် ပို၍ ဖြစ်လာနိုင်သော အရှိန်တစ်ခုကို တွက်ချက်ပြသည့် အလားအလာပြ ငလျင်ဇုန် မြေပုံမျိုး probabilistic seismic hazard assessment (psha) map မဟုတ်ပါ။

၂၀၀၅က ဒေါက်တာဦးသိန်းနှင့်အတူ ရေးဆွဲခဲ့သော မြေပုံကို ပြုပြင်မွမ်းမံထားခြင်း ဖြစ်သည်။ ၂၀၁၁က ဖြစ်သော တာလေငလျင်နှင့် အခြား ငလျင်ဇုန်များကိုပါ ထည့်သွင်းစဉ်းစား ရေးဆွဲထားသည်။ စစ်ကိုင်း ပြတ်ရွေ့တစ်လျောက်နှင့် မြန်မာနိုင်ငံ အနောက်ဖက်အရပ်များ၌ အားပြင်းသော ငလျင်အရှိန်များ ခံရနိုင် ကြောင်း ပုံတွင် ပြထားသည်။ ခန့်မှန်း တွက်ချက်ထားသော အရှိန်တန်ဖိုးများကိုလည်း ပြထားသည်။ ဤမြေပုံသည်ပင်လျှင် အန္တရာယ် Hazard ခေါင်းစဉ်အောက်၌သာ အကျုံးဝင်သည်။ ငလျင်ပညာရပ် လေ့လာသူများ၊ ပြည်တွင်း၌ ဆောက်လုပ်ရေး စီမံကိန်းများ၊ မူဝါဒ ချမှတ်သူများနှင့် လေ့လာသူများ အတွက် အထောက်အကူရနိုင်သည်။

ငလျင်အန္တရာယ်ကျရောက်ခြင်းနှင့် ထိခိုက်မှုလျော့ကျရေး
လူ၊ နေအိမ်၊ တိုက်တာ အဆောက်အဦ၊ လမ်း၊ တံတား၊ ဆည်၊ ဓါတ်ငွေ့ပိုက်၊ ရေပိုက် စသည်တို့သည် သဘောအားဖြင့် ဝတ္ထု element ဟုသာဆိုရသည်။ အဆောက်အဦ၏ အရေးပါမှု importancyကိုလည်း ထည့်ထားရသည်။ ဆေးရုံ၊ ကျောင်းများသည် အခြား အဆောက်အဦများထက် ပို၍ အရေးပါသည်။ ထို ဝတ္ထု၏ ပျက်စီးလွယ်မှု vulnerability ကို ကြိုတင် သိထားရသည်။ ထိုဝတ္ထုများ ငလျင်စက်ကွင်း၌ ကျရောက်သည်ကို exposure ဟု ဆိုသည်။ ငလျင်တော့လှုပ်သည် ငလျင်စက်ကွင်းနှင့် ဝေးလျှင် အထိအခိုက် risk သက်သာမည်။ သို့မဟုတ် ထိခိုက်မှု မရှိ။ ငလျင် စက်ကွင်းတော့ ကျသည်။ ငလျင်လည်း လှုပ်သည်။ သို့သော် အဆောက်အဦက ပျက်စီးဖို့ရာ မလွယ်ဆိုလျှင် အထိအခိုက် နည်းပြန်သည်။ ဤအချက်များအပေါ် ဆက်စပ်ပြရလျှင် အထိအခိုက်သည် ငလျင်အန္တရာယ် ရှိနေမှု၊ ပျက်စီးလွယ်မှု နှင့် အန္တရာယ်စက်ကွင်း၌ ကျရောက်နေမှုတို့၏ မြောက်လဒ်ပင် ဖြစ်သည်။ 
                          risk = hazard x vulnerability x exposure

စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံ အလယ်ပိုင်း တစ်လျောက် တောင်မှ မြောက်ထိ ထင်ရှားသော ပြတ်ရွေ့ကြီး ဖြစ်ကာ ငလျင်ကြီးများလည်း လှုပ်သည်။ ငလျင်အန္တရာယ်လည်း ရှိနေပြီး ငလျင်ကြောင့် အရှိန် ပြင်းပြင်း ခံရမည်ကိုလည်း ပုံ (၁)အရ သိနိုင်သည်။ လူနေထူထပ်သော မြို့ကြီးများသည် ထိုပြတ်ရွေ့ပေါ် သို့မဟုတ် ပြတ်ရွေ့အနီး၌ တည်ထားကြသည်။ ပုံ (၂)။ လူဦးရေ ၁၀သန်းခန့်သည် ဤပြတ်ရွေ့ဇုန်၌ ရှိနေ ကြသည်။ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်ပြီး၊ ဆောက်လုပ်ရန် လျာထားသော တမံစီမံကိန်းများ၊ မြို့သစ်များ ကလည်း ဤပြတ်ရွေ့ဇုန်၌ ရှိနေပြန်သည်။ ထိုထို မြို့ရွာများ၌ လူနေအိမ်ခြေ၊ ကျောင်း၊ ဆေးရုံ စသည် တို့မှာလည်း အင်ဂျင်နီယာအတတ်သုံးကာ ဆောက်သည့် ငလျင်ဒဏ်ခံအဆောက်အဦများ မဟုတ်ကြချေ။ ထိုအချက်က ပျက်လွယ်မှု မြင့်မားနေသည်ကို ပြသည်။

ပုံ(၂)စစ်ကိုင်းပြတ်ရွေ့နှင့်မြို့များတည်နေပုံ။
     ငလျင်စက်ကွင်း သို့မဟုတ် အင်အားပြင်းဇုန်များ၌လည်း ရှိနေကြသော ထိုလူနေ အိမ်၊ တိုက်တာ အဆောက်အဦများသည် အစကတည်းက အထိအခိုက်များမည့် အနေအထားသို့ ရောက်နေသည်။ ဒါတင်လား ဆိုတော့လည်း မကသေးပါ။ အချိန်နှင့်အမျှ မြို့ရွာတို့၏ အရွယ်အစားသည် ကြီးထွား လာကြ သည်။ ထို့အပြင် စက်မှု စသော လုပ်ငန်းစုများလည်း တိုးပွါးလာသည်။ ၁၉၃၀ ပဲခူးငလျင် လှုပ်စဉ်က ပဲခူးနှင့် ရန်ကုန်မြို့များ၏ အရွယ်အစားသည် ၂၀၁၂ ၌ များစွာ ပြောင်းလဲသွားသည်။ ပုံ (၃)။ ရန်ကုန်မြို့ဧရိယာသည် ၁၉၃၀ ထက် အဆ ၂၀ နီးပါးရှိသည်။ သို့သော် အဆောက်အဦ ဆောက်လုပ်ပုံက အဆ ၂၀ကောင်းမလာပါ။ ၁% လောက်သာ ခိုင်ခန့်ပြီး အခြား အဆောက်အဦများမှာ အင်ဂျင်နီယာ အတတ်သုံး၍ ဆောက်မထားခြင်း၊ ကာလနှင့် ရာသီဒဏ် ကြာရှည်စွာ ခံထားရခြင်းများကြောင့် အဆောက်အဦ၏ ခံနိုင်ရည် ကျဆင်းနေခြင်း စသော အားနည်းချက် အပြည့်နှင့် ဖြစ်သည်။ နှစ်ကြာ အဆောက်အဦများ ပြိုကျနေသော သတင်းများ မကြာခန ကြားနေရသည်မှာလည်း ကောင်းသော အချက် မဟုတ်ပါ။

ပုံ(၃)၁၉၃၀နှင့်၂၀၁၂ရန်ကုန်မြို့၏အရွယ်အစားနှိုင်းယှဉ်ချက်။
၁၉၃၀ ပဲခူး ငလျင်လှုပ်စဉ်က ရန်ကုန်၌ အဆောက်အဦများ ပြိုသဖြင့် လူ ၅၀ ခန့် ဆုံးရှုံးဖူးသည်။ ထိုစဉ်က လူဦးရေ ၁ သိန်းခန့် နေသည်။ ယခု လူဦးရေ ၅သန်း၊ မြို့ပြဧရိယာ အဆ ၂၀၊ ခံနိုင်ရည် ကျဆင်း နေသော အဆောက်အဦများနှင့်ဆိုလျှင် အထိအခိုက် risk သည် များနိုင်ဖွယ်ရာရှိသည်။ ထို့အပြင် မြို့ဧရိယာကို အရှေ့ဖက်ရှိ စစ်ကိုင်းပြတ်ရွေ့ဖက်သို့ ချဲ့နေသည်။ အင်အားပြင်းသော ငလျင်စက်ကွင်းသို့ တိုးဝင် နေသကဲ့သို့ ဖြစ်သည်။ အခြားမြို့များလည်း ထိုနည်းတူစွာပင် ဖြစ်သည်။ မြို့ပြအုပ်ချုပ်သူများ၊ စီမံခန့်ခွဲရေး သမားများအား ဤအချက်ကို အရေးတကြီး စဉ်းစားကြစေလိုကြောင်း တိုက်တွန်းလိုက်သည်။

အထိအခိုက်နည်းရန် နည်းလမ်းများကိုလည်း ကျွမ်းကျင်သူ အင်ဂျင်နီယာများ၊ ပညာရှင်များနှင့် တိုင်ပင်ကာ အဆောတလျင် ဆောင်ရွက်ရန် အထူး တိုက်တွန်းလိုက်ပါသည်။ ပထမဦးစွာ ပျက်စီးလွယ်မှု အခြေအနေ vulnerability ကို လျော့ချနိုင်ရန် စီစဉ်ရမည်။ အားနည်းနေသော အပိုင်းများကို ကျားကန် ပေးရမည်။ လူအများ သိရှိ လိုက်နာ ဆောင်ရွက်ရန်ကိုလည်း စီစဉ်ထားရမည်။ တစ်ဖက်ကလည်း အရေးပေါ် အခြေအနေကို စဉ်းစားပြင်ဆင်ထားရမည်။

References
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly