မြန်မာ့အပြောင်းအလဲ၊ ပိတ်ဆို့မှုရဲ့ အကျိုးဆက်ကြောင့်လား၊ ထိတွေ့ ဆက်ဆံမှုက အောင်မြင်စေသလား

မြန်မာ့အပြောင်းအလဲ၊ ပိတ်ဆို့မှုရဲ့ အကျိုးဆက်ကြောင့်လား၊ ထိတွေ့ ဆက်ဆံမှုက အောင်မြင်စေသလား

အခုဆိုရင် ၂၀၁၅ နှစ်ကုန်လို့ ၂၀၁၆ နှစ်သစ်ကို ရောက်ပါပြီ။ မြန်မာနိုင်ငံဟာလည်း သိပ်မကြာခင် ခေတ်သစ်တစ်ခုကို လှမ်းဝင်ပါတော့မယ်။ အဲဒါကတော့ ၁၉၆၂ ခုနှစ်ကတည်းက တိုင်းပြည်ကို စစ်အာဏာရှင် ဒါမှမဟုတ် စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ယောက်က အုပ်ချုပ်ခဲ့တဲ့ အနေအထားကနေ ပြည်သူလူထုကြီးက   ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ ခေါင်းဆောင် တစ်ယောက်နဲ့ စစ်ဗိုလ်ချုပ် တစ်ယောက် ပူးတွဲအုပ်ချုပ်ရမယ့် အနေအထားဆီ ရောက်လာလို့ပါပဲ။ ဒါဟာ ဒင်းပြည့်ကြပ်ပြည့် ဒီမိုကရေစီ နိုင်ငံဖြစ်သွားပြီလို့ မဆိုနိုင်ပေမယ့် နှစ် ၅၀ ကျော်အတွင်း တိုင်းပြည်အတွက် အကောင်းဆုံး အနေအထားလို့တော့ ဆိုနိုင်ပါတယ်။ ဒီလို သမိုင်းဝင် အပြောင်းအလဲ   ဖြစ်ပေါ်လာရတာဟာ ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံ အင်အားစုနဲ့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ရုန်းကန် တိုက်ပွဲဝင်မှု၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အရးပါတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ တိုင်းပြည် ပြောင်းလဲချိန် တန်ပြီဆိုတာ နားလည်လာမှုအပြင် အခြားသော ဇာတ်ပို့ ဇာတ်ရံတွေကြောင့်လည်း ပါပါတယ်။ အဲဒီလူတွေကတော့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာ မိသားစုတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အပြောင်းအလဲမှာ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး အရေးယူ ဒါဏ်ခတ် ပိတ်ဆို့မှုက တွန်းအားဖြစ်စေခဲ့သလား၊ ထိတွေ့ ဆက်ဆံတာက အောင်မြင်မှုကို ဖြစ်စေသလား ဆိုတာ ဒီကနေ့ ဝေဖန် ဆွေးနွေးကြည့်ကြရအောင်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ၁၉၆၂ ကစ မြန်မာနိုင်ငံကို စစ်အာဏာရှင်တွေက အုပ်ချုပ်ခဲ့ပါတယ်။ အဲလို အုပ်ချုပ်ခဲ့ပြီးတဲ့နောက်ပိုင်း နှစ်အစိတ်လောက် ကြာတဲ့အခါ တိုင်းပြည်ဟာ အာရှမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အခြေအနေ အကောင်းဆုံး တိုင်းပြည် အဖြစ်ကနေ ဆင်းရဲမွဲတွေ အဘက်ဘက်က နိမ့်ကျတဲ့ တိုင်းပြည် တစ်ပြည်အဖြစ် ရောက်သွားပါတယ်။ ကုလသမဂ္ဂမှာ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံ LDC အဖြစ် လူမွဲစာရင်း ကြေငြာရသည် အဆင့်အထိ ရောက်သွားပါတယ်။ ဒီလို အခြေအနေမှာ သီးမခံနိုင်တော့တဲ့ မြန်မာပြည်သူတွေဟာ ၁၉၈၈ မှာ တစ်တိုင်းပြည်လုံး လမ်းပေါ်ထွက်ပြီး ဒီမိုကရေစီ တောင်းဆို ဆန္ဒပြတာတွေ လုပ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်က တိုင်းပြည်ကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ ဦးနေဝင်းက ဒီမိုကရေစီကို မပေးပဲ စစ်တပ်ကိုပဲ အာဏာလွဲှပေးခဲ့ပါတယ်။

ဒီလိုနည်းနဲ့ စစ်အုပ်ချုပ်ရေးအောက် ရောက်သွားတဲ့ တိုင်းပြည်မှာ အာဏာရှင်တွေ ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ၊ ဒီမိုကရေစီကို ဆန့်ကျင်တာတွေ အတောမသတ် လုပ်လာခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ် စစ်အာဏာရှင်တွေရဲ့ တစ်ကြော့ပြန် ဖိနှိပ်တာ ခံလာရတဲ့ မြန်မာ့ အတိုက်အခံတွေဟာ ပြည်တွင်းမှာ ကိုယ့်ဖာသာကိုယ် တွန်းလှန် တိုက်ပွဲဝင်ရုံမက အမေရိကန်၊ ဗြိတိန်၊ ဥရောပ သမဂ္ဂ နိုင်ငံတွေကနေ စစ်အာဏာရှင်တွေကို ဖိအားပေးဖို့ တောင်းဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒီလိုနည်းနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေဟာ မြန်မာစစ်အာဏာရှင်တွေကို စီးပွားရေးအရ အရေးယူ ဒါဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အတိုက်အခံတွေနဲ့ နိုင်ငံရေးသမားတွေ ထင်မြင်သလို မြန်မာနိုင်ငံထဲမှာ ကောင်းမွန်တဲ့ အပြောင်းအလဲ ဆိုတာ မဖြစ်ပေါ်ခဲ့ပါဘူး။ စစ်အာဏာရှင်တွေဟာ ပြည်သူတွေကို ဖိနှိပ်ရက်စက်တာ၊ တိုင်းပြည် ပညာရေးစနစ်နဲ့ စီးပွားရေး အပါအဝင် အဖက်ဖက်ကို ဖျက်ဆီးပစ်တာတွေကိုပဲ အတောမသတ်အောင် လုပ်ကိုင်ခဲ့ကြပါတယ်။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ ဒါဏ်ခတ်မှုတွေ ရှိနေတာကြောင့် အိမ်နီးချင်း အင်အားကြီးစ ပြုလာတဲ့ တရုတ်နိုင်ငံရဲ့ ထီးရိပ်ကို ခိုလှုံပါတယ်။ အနောက်နိုင်ငံတွေကို အံတုနိုင်နေသေးတဲ့ ရုရှားဖက်ဒရေးရှင်းနဲ့ မဟာမိတ်ပြုပြီးနေပါတယ်။ တိုင်းပြည် အခြေအနေ အထူးသဖြင့် ပြည်သူတွေရဲ့ အခြေအနေကတော့ ဆိုးသထက် ဆိုးလာတာပဲ အဖတ်တင်ပါတယ်။

အဲဒီအချိန်ကစ တိုင်းပြည်ထဲမှာ အငြင်းအခုံ တစ်ခု ဖြစ်ပေါ်လာစေပါတယ်။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုဟာ မြန်နိုင်ငံ ပြည်သူတွေ အတွက် ကောင်းသလား၊ မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် အထောက်အပံ့ ဖြစ်စေသလား ဆိုတာပါ။ တစ်ချို့ကတော့ ပိတ်ဆို့ အရေးယူမှုကို ဆက်ထားဖို့ တိုက်တွန်းခဲ့ကြပြီး တစ်ချို့ကတော့ ပိတ်ဆို့ အရေးယူမှုကြောင့် မြန်မာပြည်သူတွေပဲ ခံရတယ်၊ ဒါကြောင့် ပိတ်ဆို့မှုတွေ ရုပ်သိမ်းသင့်တယ် ဆိုပြီး သဘောထား ရှိလာကြပါတယ်။

တကယ်တော့ တိုင်းပြည်တစ်ပြည်မှာ ဘယ်ဟာက မှန်တယ်၊ ဘယ်ဟာက မှားတယ် ဆိုတာကို တိုင်းတာတဲ့ ပေတံ တစ်ချောင်းတော့ ရှိပါတယ်။ အဲဒါကတော့ အုပ်ချုပ်သူ အာဏာရှင် လူတန်းစားကို အင်အားချိနဲ့ စေပြီး တိုင်းသူပြည်သားတွေ ပညာတတ်၊ ချမ်းသာ၊ အင်အားပြည့်၀ စေအောင် လုပ်နိုင်တဲ့ ပေါ်လစီ၊ ချဉ်းကပ်မှု စတာတွေကသာလျင် မှန်ကန်တယ် ဆိုတာပါ။ အုပ်ချုပ်သူ အာဏာရှင် လူတန်းစားကို ဆူဖြိုးကြွယ်ဝစေပြီး တိုင်းသူပြည်သားတွေက ပညာမဲ့၊ ဓနဥစ္စာလည်းမဲ့ပြီး ဆင်းလည်း ဆင်းရဲ အင်အားချိနဲ့ စေတယ် ဆိုရင်တော့ ဘယ်အချိန် ဘာပေါ်လစီ ဘာချဉ်းကပ်မှုဖြစ်ဖြစ်၊ အဲဒါ အမှားပါပဲ။ ပြောရရင် အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ရှည်ကြာလှတဲ့ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုအောက်မှာ မြန်မာပြည်သူတွေ အင်အားချိနဲ့ပြီး အာဏာရှင်တွေ ဆူဖြိုး ချမ်းသာကြွယ်ဝလာကြတာကတော့ ငြင်းမရပါဘူး။

ဒီလိုနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမှူးပြုတဲ့ စစ်အာဏာရှင်တွေဟာ သူတို့ လမ်းပြမြေပုံ သူတို့ ကိုင်စွဲပြီး ၂၀၁၁ မှာ အပြောင်းအလဲ နည်းနည်း လုပ်ပါတယ်။ အဲဒီအချိန်ကစ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ ပိတ်ဆို့မှုရော၊ ထိတွေ့ဆက်ဆံတာကိုပါ တွဲပြီး အကောင်အထည် ဖော်ပါတယ်။ သမ္မတ အိုဘားမား အစိုးရလက်ထက်မှာ ဝါရှင်တန် အသိုင်းအဝိုင်းကရော၊ ရန်ကုန် အမေရိကန် သံရုံး သံအမတ်ကြီးနဲ့ အသိုင်းအဝိုင်းကပါ အတိုက်အခံနဲ့ ပြည်သူတွေကို အားပေးမြဲ အားပေး၊ ထောက်ခံမြဲ ထောက်ခံနေတဲ့ အခြေအနေအောက်ကနေ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ မြန်မာ့တပ်မတော်ကိုပါ ထိတွေ့ ဆက်ဆံတဲ့ ပေါ်လစီကို ချမှတ် အကောင်အထည် ဖော်ခဲ့ပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပ သမဂ္ဂနိုင်ငံတွေရဲ့ အဲလို အစိုးရအပေါ် အပြုသဘောဆောင် ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး မြန်မာ့ အတိုက်အခံ တစ်ချို့ကတော့ အမြင် မကြည်လင်ခဲ့ကြပါဘူး။ တစ်ခါတစ်ရံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘဝင်မကျတဲ့ လေသံ ပြောဆိုတာမျိုးတောင် ရှိခဲ့ဖူးပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီကနေ့အချိန် မြန်မာနိုင်ငံဟာ အပြောင်းအလဲရဲ့ တံခါးဝကို ရောက်သွားပါပြီ။ ဆောင်းပါး အစမှာ ပြောခဲ့သလိုပဲ ခုလို အပြောင်းအလဲ ဖြစ်ပေါ်လာတာဟာ ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံ အင်အားစုနဲ့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ရုန်းကန် တိုက်ပွဲဝင်မှု၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အရးပါတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ တိုင်းပြည် ပြောင်းလဲချိန် တန်ပြီဆိုတာ နားလည်လာမှုအပြင် အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ အစိုးရနဲ့ တပ်မတော်အပေါ် ထိတွေ့ ဆက်ဆံမှုကလည်း အကြောင်းတရား တစ်ခုအနေနဲ့ ပါဝင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly