ယူကေမှာ အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုကြောင့် အန္တရာယ် သတိပေးချက်လယ်ဗယ် တိုးမြှင့်

ယူကေမှာ အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုကြောင့် အန္တရာယ် သတိပေးချက်လယ်ဗယ် တိုးမြှင့်
Photo - AFP

ဒီဇင်ဘာလ ၁၃ ရက်

ယူကေမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အိုမီခရွန်ရဲ့ ကူးစက်ပျံ့နှံ့မှုလှိုင်းတစ်ခု ပေါ်လာမယ့် အရေးနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒီဇင်ဘာ ၁၂ ရက်မှာ သတိပေးထုတ်ပြန်သွားခဲ့ပါတယ်။

အိုမီခရွန် လှိုင်းကို တိုက်ဖျက်ဖို့အတွက် နိုင်ငံမှာ အသက် ၁၈ နှစ်နဲ့ အထက် အရွယ်ရောက်ပြီးသူတွေကို တတိယမြောက် အားဖြည့်ကာကွယ်ဆေး ထိုးပေးဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး မူလသတ်မှတ်ထားတာထက် တစ်လစောပြီး ယခုအပတ်ထဲမှာပဲ စတင် ထိုးနှံပေးသွားမှာဖြစ်တယ်လို့ ဂျွန်ဆင်က ပြောခဲ့ပါတယ်။

"အိုမီခရွန် လှိုင်းကြီး လာနေပြီ ဆိုတာကို ဘယ်သူမှ သံသယမဖြစ်သင့်ပါဘူး" လို့ ၎င်းက ရုပ်သံမိန့်ခွန်းမှာ နိုင်ငံသားတွေကို ပြောခဲ့ပါတယ်။ ဒီမတိုင်မီက အိုမီခရွန် မျိုးကွဲရဲ့ ကူးစက်မှုပိုင်းမှာ "အလျင်အမြန် မြင့်တက်နေမှု" ကြောင့် ကိုဗစ် အန္တရာယ် သတိပေးချက်လယ်ဗယ်ကို တိုးမြှင့်ဖို့ နိုင်ငံရဲ့ ကျန်းမာရေး အကြံပေးတွေက ထုတ်ဖော်ထားခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ခရစ္စမတ်တုန်းက ကပ်ရောဂါ ပိတ်ပင်ကန့်သတ်ချက် စည်းမျဥ်းတွေ ချိုးဖောက်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေကြောင့် ဖိအားတွေအောက် ရောက်ရှိနေတဲ့ ဂျွန်ဆင်က ပြောကြားရာမှာ အိုမီခရွန်ဟာ နှစ်ရက်ကနေ သုံးရက်တိုင်းဆိုသလို ကူးစက်ခံရသူ နှစ်ဆတိုးလာနေပြီး ဗိုင်းရပ်စ်မျိုးကွဲရဲ့ ကူးစက်မှုက "အရေးပေါ် အခြေအနေ" ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။

ယင်းအတွက်ကြောင့် ယင်းနိုင်ငံမှာ အဆင့် ငါးဆင့်ရှိ ကိုဗစ် အန္တရာယ် သတိပေးချက်လယ်ဗယ်မှာ မူလ အဆင့်သုံးကနေ ယခုအခါ အဆင့် ၄ ကို တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိုမီခရွန် မျိုးကွဲ ကူးစက်မှု အတည်ပြုလူနာ ၁,၂၃၉ ဦး ထပ်မံတွေ့ရှိပြီးနောက် ခုလို သတိပေးချက်လယ်ဗယ် တိုးမြှင့်လိုက်တာြဖစ်ပါတယ်။

ယင်းအတွက်ကြောင့် ယူကေမှာ အိုမီခရွန် မျိုးကွဲ ကူးစက်သူစုစုပေါင်း ၃,၁၃၇ ဦး ရှိလာခဲ့ပြီဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့ စနေနေ့က စုစုပေါင်း ၁,၈၉၈ ဦးကနေ ၆၅ ရာခိုင်နှုန်း တက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required