ပါကစ္စတန် လာဟိုးမြို့ တရားရုံးအချုပ်ခန်းမှ အကျဥ်းသား ၁၁ ဦး ထွက်ပြေးလွတ်မြောက်ပြီးနောက် ၆ ဦးကို ပြန်ဖမ်းမိ

ပါကစ္စတန် လာဟိုးမြို့ တရားရုံးအချုပ်ခန်းမှ အကျဥ်းသား ၁၁ ဦး ထွက်ပြေးလွတ်မြောက်ပြီးနောက် ၆ ဦးကို ပြန်ဖမ်းမိ

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့၌ တရားရုံးအမှုရင်ဆိုင်ဆဲ အကျဥ်းသား ၁၁ ဦး တရားရုံးအချုပ်ခန်းကနေ ထွက်ပြေးလွတ်မြောက်မှု ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ပြီး ယခုအခါ အကျဥ်းသား ခြောက်ဦးကို တာဝန်ရှိသူများက ပြန်လည်ဖမ်းမိထားကြောင်း သိရသည်။ ဘက်ခ်ရှီ ခါနာ တရားရုံးအချုပ်ခန်းမှ အကျဥ်းသားများ ထွက်ပြေးလွတ်မြောက်မှုဖြစ်စဥ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက အမှုဖွင့်ဆောင်ရွက်လျက် ရှိသည်။

ပထမသတင်းပေးတိုင်ကြားချက် (FIR) အရ ယင်းဖြစ်စဥ်တွင် အကျဥ်းသား ၁၁ ဦးသည် အခြားသော ကြံရာပါအကျဥ်းသား၂၁ ဦး၏ အကူအညီဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်က ကော့တ် လက်ခ်ပတ် အကျဥ်းထောင်မှ အကျဥ်းသား အနည်းဆုံး ၉၀ ဦးနှင့် ကမ့် အကျဥ်းထောင်မှ အကျဥ်းသား ၇၆ ဦးကို ဘက်ခ်ရှီ ခါနာ တရားရုံးအချုပ်ခန်းသို့ ခေါ်ဆောင်ခဲ့ချိန် ယင်းကဲ့သို့ ထွက်ပြေးလွတ်မြောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထွက်ပြေးနိုင်ရန်အတွက် အကျဥ်းသားအုပ်စုတစ်စုသည် ကနဦးတွင် ဘက်ခ်ရှီ ခါနာ တရားရုံးအချုပ်ခန်း၏ သန့်စင်ခန်း နံရံကို ဖြိုချခဲ့ပြီး ယင်းနောက် အစောင့်များနှင့် ရဲများကို ကျောက်ခဲ၊ ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ယင်းနောက် ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်တွင် အကျဥ်းသားများသည် ပစ္စည်းပစ္စယများကို မွှေနှောက်ဖျက်ဆီးပြီး အချုပ်ခန်းတံခါးကို ချိုးဖျက်ခဲ့ကြသည်။ ယင်းနောက် အကျဥ်းသား ၁၁ ဦးမှာ ရဲများကို ကျောက်ခဲများဖြင့် ပစ်ပေါက်ရင်း ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ယင်းနောက်တွင် ထွက်ပြေးလွတ်မြောက်သွားသူများအနက် အာမက်ဒ် အလီ၊ ဟိုင်ဒါ အလီ၊ ဖိုင်ဆယ် မာဆီ၊ ပါဗက်ဇ် ဒင်၊ ဂျာဗက်ဒ် နှင့် မိုဟာမက်ဒ် အာဆန် အမည်ရ အကျဥ်းသားများကို ပြန်ဖမ်းမိခဲ့သလို ကျန်ရှိနေသည့် လွတ်မြောက်ဆဲ အကျဥ်းသားများကို ဖမ်းဆီးနိုင်ရန် ရဲများက စီးနင်းရှာဖွေမှုများကို ဆက်လက်လုပ်ဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly