ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅၀ ဘီလျံရောက်ရှိရေး အိန္ဒိယနှင့် ရုရှားအစိုးရတို့က စီးပွားရေး လုပ်ငန်းများကို လမ်းညွှန်ပေးရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် မိုဒီပြောကြား

ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅၀ ဘီလျံရောက်ရှိရေး အိန္ဒိယနှင့် ရုရှားအစိုးရတို့က စီးပွားရေး လုပ်ငန်းများကို လမ်းညွှန်ပေးရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် မိုဒီပြောကြား

ရုရှားနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃၀ ဘီလျံနှင့် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၀ ဘီလျံ ရောက်ရှိရေးအတွက် သက်ဆိုင်ရာ အစိုးရများက စီးပွားရေး လုပ်ငန်းများကို လမ်းညွှန်ပေးရန်လိုအပ်ကြောင်း ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဒီဇင်ဘာ ၆ ရက်က သမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံရာတွင် ပြောကြားလိုက်သည်။

၂၀၂၁ ခုနှစ်သည် နှစ်နို်ငငံအကြား ကဏ္ဍပေါင်းစုံ၌ အပြန်အလှန်ဆက်ဆံရေးအတွက် အရေးကြီးသည့် နှစ်ဖြစ်ကြောင်း မိုဒီက ပြောကြားခဲ့သည်။

“ယခုနှစ်ဟာ ၁၉၇၁ ခုနှစ် ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးတဲ့ နှစ် ၅၀ ပြည့်ဖြစ်သလို မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု နှစ် ၂၀ ပြည့် ဖြစ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုမှာ အဓိကကျသူတစ်ဦးဖြစ်တာကြောင့် ဒီနှစ်အတွင်းမှာ အဆွေတော်နဲ့ ယခုလို ပြန်လည်တွေ့ဆုံရကို ကျေနပ်ဝမ်းမြောက်မိပါတယ်” ဟုလည်း မိုဒီက ပြောကြားသည်။

အာဖဂန်နစ္စတန်နှင့် ဒေသတွင်း အခြားကိစ္စများတွင် အိန္ဒိယနှင့် ရုရှားတို့အကြား ပုံမှန်ထိတွေ့ ဆက်ဆံမှုရှိကြောင်းလည်း မိုဒီကပြောကြားသည်။

ကိုဗစ်ကပ်ရောဂါကြောင်း အခက်အခဲများ ရှိခဲ့သော်လည်း နှစ်နိုင်ငံ ဆက်ဆံမှုသည် မပြောင်းလဲခဲ့ကြောင်း မိုဒီက ပြောကြားသည်။

“မိမိတို့နိုင်ငံများအကြား အထူးထူထောင်ထားသည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဟာ ဆက်လက်အားကောင်းနေပါတယ်။ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးမှာ အံဩဖွယ်ရာကောင်းလောက်အောင် ပူးပေါင်းဆောင်ရွက်ခဲ့ရာမှာ ကာကွယ်ဆေးစမ်းသပ်မှု၊ ထုတ်လုပ်မှု၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များနှင့် နိုင်ငံသားများနေရပ်ပြန်နိုင်ရေးတို့ကို လုပ်ဆောင်ခဲ့ကြပါတယ်” ဟု ၎င်းက ပြောကြားသည်။

သမ္မတပူတင်၏ အိန္ဒိယနိုင်ငံသို့ ခရီးစဉ်အတွင်း ဒီဇင်ဘာ ၆ ရက်က နားလည်မှုစာချွန်လွှာ ၂၈ ခုနှင့် သဘောတူညီချက်များကို ရေးထိုးခဲ့သည်။

“ အိန္ဒိယတွင် ထုတ်လုပ်သည် အစီအစဉ်အရ ပူးပေါင်းတီထွင် ထုတ်လုပ်မှုများဖြင့် မိမိတို့အကြား ကာကွယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာသလို အာကာသနှင့် အရပ်ဘက် နျူကလီးယား နယ်ပယ်များတွင် တိုးတက်မှုများ ရှိနေပါတယ်” ဟု ဝန်ကြီးချုပ် မိုဒီက ပြောကြားသည်။

“စီးပွားရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် ကာလရှည် အစီအစဉ်များ ချမှတ်နေကြောင်းနှင့် ၂၀၂၅ ခုနှစ်မတိုင်မီ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ကန်ဒေါ်လာ ၃၀ ဘီလျံနှင့် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၀ ဘီလျံ ရောက်ရှိရေး ရည်မှန်းထားတာကြောင့် ဒီပမာဏကို ရရှိအောင် သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းများကို လမ်းညွှန်သွားဖို့ လိုအပ်ပါတယ်” ဟု မိုဒီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly