ပေကျင်း ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို သံတမန်ရေးအရ သပိတ်မှောက်ကြောင်း အမေရိကန်ကြေညာ

ပေကျင်း ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို သံတမန်ရေးအရ သပိတ်မှောက်ကြောင်း အမေရိကန်ကြေညာ

တရုတ်နိုင်ငံ ရှင်ကျန်းတွင် ဆက်လက်ဖြစ်ပွားနေသော လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဆန့်ကျင်သည့်အနေဖြင့် ပေကျင်းတွင် ကျင်းပမည့် ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပွဲသို့ တရားဝင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခြင်းမပြုရန် သမ္မတဘိုင်ဒင်အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း အိမ်ဖြူတော်သတင်းပြန်ကြားရေးတာဝန်ခံ ဂျန်ပါစကီက ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်အားကစားသမားများသည် အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သော်လည်း အုပ်ချုပ်ရေးပိုင်းမှ အစိုးရအရာရှိများကို အားကစားပြိုင်ပွဲများသို့ စေလွှတ်မည်မဟုတ်ပေ။ ပေကျင်းတွင်ကျင်းပမည့် မသန်စွမ်းအားကစားပြိုင်ပွဲများအတွက်လည်း အလားတူမူဝါဒကို ကျင့်သုံးကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

အဆိုပါလုပ်ရပ်သည် တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသတွင် အထူးသဖြင့် ဝီဂါများနှင့် တခြားတိုင်းတိုင်းရင်းသားနှင့်ဘာသာရေးလူနည်းစုအုပ်စုများအပေါ် အဓမ္မအလုပ်ခိုင်းစေမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များနှင့်ပတ်သက်၍ တရုတ်နိုင်ငံအပေါ် အမေရိကန်၏ဖိအားများ တိုးမြှင့်လာခြင်းဖြစ်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပုံမှန်အတိုင်းလုပ်ဆောင်ရန် မဖြစ်နိုင်တော့ ကြောင်းကို အမေရိကန်က ပြတ်သားရမည်ဖြစ်ကြောင်း ပါစကီက အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ပြောကြားခဲ့သည်။

အမေရိကန်အသင်းအနေဖြင့်ယှဉ်ပြိုင်မည့် အားကစားသမားများသည် အစိုးရ၏ အပြည့်အဝထောက်ပံ့မှုကို ရရှိမည်ဖြစ်သော်လည်း အစိုးရအဖွဲ့သည် အားကစားပြိုင်ပွဲအခမ်းအနားများတွင် ပါဝင်မည်မဟုတ်ကြောင်း ပါစကီကပြောသည်။

အားကစားပြိုင်ပွဲများကို သံတမန်နည်းအရ သပိတ်မှောက်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်မှုများ၏ အဆုံးသတ် လက္ခဏာမဟုတ်ကြောင်းလည်း ပါစကီက ပြောကြားခဲ့သည်။

အိုလံပစ်ပွဲတော်ကို အမေရိကန်က အပြည့်အဝသပိတ်မှောက်ခဲ့သည့် နောက်ဆုံးအကြိမ်မှာ သမ္မတဟောင်း ဂျင်မီကာတာ လက်ထက် ၁၉၈၀ ခုနှစ်က ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly